myaelatt athan

Sharing Information to the Local

လေယာဥ်ဗုံးကြောင့်သေဆုံးထိခိုက်ခဲ့သူ သပိတ်ကျင်းဒေသခံ ၁၀၀ နီးပါးအတွက် ကျပ်သိန်း ၂,၃၀၀ ကျော် ထောက်ပံ့(ရုပ်/သံ)

သပိတ်ကျင်း၊ ဧပြီ ၂၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူတွေနဲ့ နေအိမ်ပျက်စီးခဲ့သူတွေအတွက် ပြည်သူ့စုပေါင်းလှူဒါန်းမှုကရရှိတဲ့ ကျပ်သိန်း ၂,၃၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဧပြီလအတွင်း စစ်ကောင်စီရဲ့ လေယာဥ်ဗုံးဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ သပိတ်ကျင်းမြို့နယ် ရေထွက်၊ လိပ်ကျ၊ ချောင်းကြီး၊ ဖက်ရှည်၊ ဝက်သေစတဲ့ ကျေးရွာတွေက သေဆုံး သူ ၄၂ ဦး၊ ဒဏ်ရာရသူ ၄၅ ဦးနဲ့ ပျက်စီးနေအိမ် ၄၂ လုံးစာအတွက် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။


“ အခုထောက်ပံ့ပေးခဲ့တဲ့ ငွေကျပ်သိန်း ၂,၃၅၅ ထဲက သိန်း ၆၉၀ မှာ မပန်ဆယ်လိုကတဆင့် ကူညီထောက်ပံ့ငွေ ဖြစ်ပါတယ်။ သိန်း ၁,၆၆၅ မှာ ပြည်သူလူထုမှ စုပေါင်းထောက်ပံ့ငွေ တွေဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့က သွားပြီးပေးခဲ့တာ” လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

သပိတ်ကျင်းလေယာဥ်ဗုံးသင့်ဒေသခံတွေကို သေဆုံးသူ ၁ ဦး အတွက် ကျပ်သိန်း ၂၀၊ ဒဏ်ရာရရှိသူ ၁ ဦးအတွက် ကျပ် ၁၅ သိန်းနဲ့ နေအိမ် ၁ လုံးအတွက် ငွေကျပ်သိန်း ၂၀ နှုန်း စုစုပေါင်းကျပ်သိန်း ၂,၃၃၅ ကို အသီးသီးထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။

အဆိုပါထောက်ပံ့ငွေတွေကို သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ သပိတ်ကျင်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ မြို့နယ်လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်သင့် ပြည်သူများကူညီထောက်ပံ့ရေးကော်မတီဖွဲ့စည်းပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေကို သွားရောက်ထောက်ပံ့နိုင်ခဲ့တာလို့ သိရပါတယ်။

“ ကျနော်တို့ကတော့ဗျာ လူထုနဲ့တသားတည်းရှိတယ်လို့ပြောချင်တာပါ” လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ဧပြီလတတိယပတ်အတွင်းမှာ သပိတ်ကျင်းမြို့နယ် လိပ်ကျနဲ့ ရေထွက်ရွာတွေကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွေအတွင်း ကျေးရွာ ၂ ခုပေါင်း သေဆုံးသူဒေသခံ ၄၀ နီးပါးအထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။