⁨စက်ချို့ယွင်းပျက်ကျလာတဲ့ စက်တပ်လေထီးကို PDF မီးရှို့ဖျက်ဆီး (ရုပ်/သံ)

0 5
0 5

ပခုက္ကူ၊ ဧပြီ ၂၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စက်ချို့ယွင်းပြီး တော်လှန်ရေးတပ်တွေရဲ့ နယ်မြေထဲ ဆင်းလာတဲ့ Paramotor (စက်တပ်လေထီး) ၁ စီး ကို ဧပြီ ၂၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကနေ ပခုက္ကူအနီးကျေးရွာတွေကို ဗုံးကြဲဖို့ တက်လာတဲ့ Paramotor ၃ စီးအနက် ၁ စီးဟာ မနေ့ ညနေ ၅ နာရီခွဲခန့်မှာ စက်ချို့ယွင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နယ်မြေထဲကို ဆင်းသက်လာခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို မြေပြင်ကိုဆင်းလာတဲ့ Paramotor ကို Burma Revolution Rangers တပ်ဖွဲ့နဲ့ Pakokku People Defense Force (PPDF) တို့ သိမ်းယူဖို့ကြိုးစားစဉ် စစ်ကောင်စီတပ်ဘက်က အင်အားရာဂဏန်းကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် မီးရှို့ဖျက်ဆီးခဲ့ရတယ်လို့ Burma Revolution Rangers ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

Paramotor မြေပြင်ကိုဆင်းလာတဲ့အချိန်မှာ ထန်းပင်နဲ့ ထနောင်းပင်ကို ဝင်တိုက်တာမျိုးလည်းရှိပြီး မောင်းနှင်သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ Paramotor ပျက်ကျတဲ့နေရာနဲ့ စစ်ကောင်စီ တပ်မ ၁၀၁ ဟာ ၂ မိုင်ကျော်ခန့်ကွာဝေးတာကြောင့် စစ်ကောင်စီတပ်က ချက်ချင်းစစ်ကြောင်းထိုးလာတဲ့အတွက် Paramotor နဲ့တပ်ဆင်ထားတဲ့ဗုံးသီးတွေကို ယူဆောင်ချိန်မရပဲ မီးရှို့ဖျက်ဆီးခဲ့ရတာလို့လည်း ရှင်းလင်းရေးလုပ်ဆောင်ရာမှာပါဝင်ခဲ့တဲ့ Pakokku People Defense Force (PPDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် Leo Wayne ကလည်း ပြောပါတယ်။

အဆိုပါလုပ်ဆောင်မှုကို Burma Revolution Rangers တပ်ဖွဲ့နှင့်အတူ Pakokku People Defense Force (PPDF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဒီနေ့ဧပြီ ၂၄ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ပျက်ကျသွားတဲ့ Paramotor ကို ပြန်လည်ယူဆောင်သွားတယ်လို့ သိရပါတယ်။

သတင်း – မောင်ဆွေအင်း၊ တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။