စလင်း ၊ ဧပြီ ၂၁ ၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရဲစခန်းကထွက်လာတဲ့ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ က အင်အား ၂၀၀ ပါစစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၂၀ ရက်နေ့မှာတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ တင့်ကား ၂ စီး၊ Jummerကား ၁ စီးနဲ့ ဧပြီ ၂၀ ရက်မနက် ၉ နာရီမှာပုသိမ်-မုံရွာလမ်းပိုင်းကို စစ်ကြောင်းထိုးလာချိန် ပိတ်ဆည်ရွာတံတားအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြာချိန် ၁ နာရီခွဲခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄ ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သတ္တိ က ပြောပါတယ်။
“ကံပြားရဲစခန်းကထွက်လာပြီး သစ်ခေါက်တောက်ဘက်ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း စစ်ကြောင်းထိုးလာကြတာ၊ ပိတ်ဆည်ရွာမြောက်ဘက် တံတားအနားမှာ ကျနော်တို့ကကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ သူတို့နားနေတဲ့အချိန်မှာ ကျနော်တို့ လက်နက်ကြီး ၆၀ မမ နဲ့လည်းပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်း ကျနော်တို့ဝိုင်းပစ်တယ်၊ ၄ ဦးတော့ထိခိုက်ဒဏ်ရာရတယ်”လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိ က ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ဧပြီ ၂၁ ရက်နေ့မှာတော့ တင့်ကား ၂ စီးနဲ့ Jammer ကားတွေကိုပြန်သယ်ပြီး ကံပြားစခန်းကို ပြန်ဆုတ်သွားတယ်လို့လည်း သူကဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ အမှတ် ၅ ဒရုန်းတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၁ ဒရုန်းတပ်ဖွဲ့၊ဒေါင်းစစ်အောင် LPDF၊ ဗမာ့တပ်တော်၊ SLN LPDF၊ မင်းဘူးခရိုင် ပကဖ၊ စလင်းမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။
တည်းဖြတ် – HP