myaelatt athan

Sharing Information to the Local

သပိတ်ကျင်းက စစ်တပ်စခန်း ၂ ခု ကို ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

သပိတ်ကျင်း၊ ဧပြီ ၁၂၊ ၂၀၂၅ ။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းနေရာ ၂ ခုကို ရှော့တိုက်ဒုံး အလုံး ၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Madaya Urban Guerrilla -MUG အဖွဲ့ထံမှ သိရပါတယ်။

ဧပြီ ၁၀ ရက်မှာ အင်အား ၅၀ ခန့်ရှိ ၇ မိုင်ကျေးရွာစစ်ကောင်စီတပ်ခစန်းကို ရှော့တိုက်ဒုံး ၃၅ လုံး၊ ၇ မိုင်ကျေးရွာနဲ့ မီတာ ၃၀၀ ခန့်အကွာရှိ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၂)ကို ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ မနက် ၁၀ နာရီ ၄၀ မိနစ်ကနေ ၁၂ နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရော့ကတ် အလုံး ၅၀ နဲ့ ပွိုင့် ၂ ပွိုင့်ခွဲပီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်တိုက်ခိုက် တဲ့နေရာမှာ တပ်ထဲကလက်နက်တိုက်တွေနဲ့ ဂျန်ပါတွေ၊ စတားလင့်တွေ၊ ဆက်သွယ်ရေးအထိုင်တွေ၊ အရာရှိတွေရှိတဲ့နေရာပေါ့အဲဒီနေရာတွေကို အဓိကထားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ရွာထဲကကျတော့သူတို့နေရာယူထားတဲ့ အဓိကကျတဲ့မိန်းပွိုင့်တွေ စနိုက်ပါရှိတဲ့နေရာ၊ အရာရှိနေတဲ့နေရာတွေကိုပစ်ခတ်ခဲ့တာ”လို့ Madaya Urban Guerrilla -MUG ဒုတာဝန်ခံ အငယ်လေးက ပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုအတွင်းမှာ ၇ မိုင်ကျေးရွာအတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့က ၂ ဦးသေဆုံးတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေထံက ပြန်လည်စုံစမ်းသိရှိရကြောင်းနဲ့ စခတ ၂ တပ်တွင်းက သေဆုံးမှုကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရှော့ဒုံးတွေကျရောက်ပေါက်ကွဲတာကြောင့် စခတ ၂ တပ်တွင်းက လက်နက်တိုက်၊ အရာရှိအဆောင်တွေ မီးလောင်တာနဲ့ ၇ မိုင်ရွာအတွင်းက စစ်ကောင်စီစခန်းတွေမှာလည်း မီးလောင်တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

၇ မိုင်ကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ယခုနှစ် ဇန်နဝါရီမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင် ပြန်လည်ထိန်းချုပ် အထိုင်ချတပ်စွဲထားတာပါ။

စစ်ကောင်စီတပ်စခန်းတွေ ရှော့တိုက်ဒုံးနဲ့ပစ်ခံရပြီးနောက် ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ၇ မိုင်ကျေးရွာတဝိုက် လေကြောင်း ကင်းထောက်ပျံသန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Madaya Urban Guerrilla -MUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ ၊ PACMPT ၊ NAA-DF (Khin U)၊ ခင်ဦးမြို့နယ်ပလဖ ၊ ရွှေဘိုခရိုင်တပ်ရင်း ၉ ၊ ရွှေဘိုမြို့နယ်တိုက်နယ် ၁ ပကဖ (Peacock King People Defense Force) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီပစ်မှတ်တွေကို တပ်တွင်းသတင်းပေးတွေရဲ့ အသိပေးမှုအရ သွားရောက်တိုက်ခိုက်ခဲ့ကြတာလို့ လည်း ဆိုပါတယ်။

ဧပြီလ ၃ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post