မြင်းခြံ၊ ဧပြီ ၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger – MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီကသိရပါတယ်။
ဧပြီ ၆ ရက် ညနေ ၄ နာရီခွဲမှာ ရဲ၊ စစ်သားနဲ့ သီတာယုမွန်ပျူစောထီးအဖွဲ့ဝင် စုစုပေါင်း ၂၀ ခန့်ရှိတဲ့ အမှတ် ၁၈ ရပ်ကွက်က စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အရင်တုန်းကတော့ ဂိတ်မရှိဘူး၊ ကင်းစောင့်လိုက် ပြန်လိုက်ပဲလုပ်တာ၊ အခုတော့ ဂိတ်လည်း ထိုးထားတယ်၊ စခန်းပုံစံမျိုးအနေနဲ့ အဲ့ဒီအနားမှာရှိတဲ့ အိမ်တွေမှာ ယာယီသူတို့နေတယ်၊ အင်အားအရေအတွက်ကတော့ ၂၀ လောက်ရှိတယ်။”လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း အဲ့ဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ၁၄ ဦးသေဆုံးခဲ့တယ်လို့ ပြောပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
“အဲ့ဒီဂိတ်က ကောင်တွေက မူးရူးသောက်စားပြီး ပြည်သူတွေကို ဆက်ကြေးကောက်နေတာ၊ သူတို့တတွေ သောက်စားမူးရူးနေတယ်လို့ သတင်းရတဲ့အတွက်ကြောင့် အပြတ်ချေမှုန်းဖို့ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာ၊ ဒါပေမဲ့ မြို့ပေါ်ဖြစ်တဲ့အတွက်ကြောင့် စစ်ကူအင်အားနီးတာကတစ်ကြောင်း ကျနော်တို့ လက်နက်ရအောင်တော့ မတိုက်နိုင်ခဲ့ဘူး၊ သူတို့ကိုတော့ ကျနော်တို့ ကောင်းကောင်းသုတ်သင် ချေမှုန်းနိုင်ခဲ့ပါတယ်။”လို့ မြင်းခြံခရိုင်တပ်ရင်း – ၉ Myingyan Black Tiger-MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ၁ နာရီဖြစ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်တွေထိခိုက်တာမရှိဘဲ တိုက်ပွဲအပြီး မြင်းခြံမြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီဘက်က လေယာဉ်ဝဲတာတွေရှိခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Myingyan Black Tiger – MBT မြင်းခြံခရိုင်တပ်ရင်း ၉ နဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နဲ့ BGF – Burmese Guerrilla Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် – M