မြင်းခြံ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ၂ ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉၊ Myingyan Black Tiger-MBT ဆီက သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်တရက်တည်းမှာပဲ နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘို့ရွာနဲ့ ကူကုန်းရွာ ကြားမှာ မနက် ၇ နာရီကနေ ညနေ ၆ နာရီထိတိုက်ပွဲဖြစ်ခဲ့သလို မြင်းခြံမြို့နယ်၊ ပတ္တာရွာနဲ့ လေးအိမ်တန်းရွာကြားမှာလည်း မနက် ၈ နာရီကနေ ၉ နာရီအထိ တိုက်ခိုက်ခဲ့ကြတယ်လို့ Myingyan Black Tiger-MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
“မြင်းခြံနဲ့ နွားထိုးကြီး နနွင်းတော်ဘို့နဲ့ ကူကုန်းအကြား စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာ၊ အဲ့ဒါကို ကျနော်တို့ ရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ၊ နောက်တကြိမ်က ပတ္တာရွာရဲ့ အရှေ့ဘက် ပတ္တာရွာနဲ့ လေးအိမ်တန်းကြားမှာ အဲ့ဒီစစ်ကြောင်းနဲ့ ထပ်ပြီးထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့တာပါ၊ ၂ ကြိမ်တိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က လေကြောင်းပစ်ကူတွေ လည်းသုံးတယ်၊ လက်နက်ကြီး အင်အား တပ်ကူ အင်အား ဒရုန်း အင်အားတွေ သုံးတယ်၊” လို့ Myingyan Black Tiger-MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်ဘက်က သေဆုံးမှုများပြီး ဒေသခံကာကွယ်ရေးတပ်တွေဘက်ကလည်း Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ တပ်ဖွဲ့က ကွန်မန်ဒို ၁ ဦးနဲ့ မြင်းခြံ အမှတ် ၇ တပ်ရင်း အဖွဲ့ကခေါင်းဆောင် ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် နယ်မြေရှင်းလင်းရေးသွားချိန်မှာ ခဲယမ်းနဲ့ ဆက်သွယ်ရေးပစ္စည်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Myingyan Black Tiger-MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
တိုက်ခိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ပျူစောထီးခေါင်းဆောင် သီတာယုမွန် အဖွဲ့၊ နေပြည်တော် ရဲတပ်ရင်းနဲ့ စစ်ကော်မရှင်တပ်တို့ ၃ ဖွဲ့ပေါင်းထားတာဖြစ်ပြီး လက်ရှိမှာတော့ ပတ္တာရွာအနီးမှာ စစ်ကြောင်းထိုးနေပြီး စစ်ရေးကလည်း နှစ်ဖက်တင်းမာနေဆဲလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ Burmese Guerilla Force (BGF)၊ MGN အညာသားပြောက်ကျားတပ်တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တည်းဖြတ် – M