စစ်ကိုင်းနဲ့မကွေးတိုင်း ရွာတွေမှာလှည့်လည်ခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လူတန်းစားအစုံနဲ့ ထောင်ချီတဲ့ဆိုင်ကယ်သပိတ် (ရုပ်/သံ)

0 10
0 10

ဆားလင်းကြီး၊ နိုဝင်ဘာ ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လူတန်းစားအစုံ ထောင်နဲ့ချီပါဝင်တဲ့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သပိတ်အင်အားစုတွေနဲ့ အင်အားထောင်နဲ့ချီတဲ့ ဒေသခံလူထုတွေ စုပေါင်းပြီး ဆားလင်းကြီးမြို့နယ်အတွင်းကနေ ဒေသတွင်းကျေးရွာတွေနဲ့ မကွေးတိုင်းအတွင်း ကျေးရွာတွေအထိ တရွာဝင်တရွာထွက် ဆိုင်ကယ်နဲ့လှည့်လည်ကာ ရွေ့လျားသပိတ်ပြုလုပ်ခဲ့တာလို့ သပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ ဆိုင်ကယ်သပိတ်ဆိုတာ ရွေ့လျား၊ တရွာဝင် တရွာထွက်၊ ရွာပေါင်းများစွာကို ခြေဆန့်ပြီးတော့ ကျနော်တို့ ဆိုင်ကယ်သပိတ် လုပ်တဲ့အခါမှာ လူထုက ထင်မှတ်မထားလောက်အောင် နှမ်းရိတ်နေတဲ့ တောင်သူဦးကြီးတွေ၊ နှမ်းခါနေတဲ့ တောင်သူဦးကြီးတွေ၊ စပါးရိတ်၊ စပါးပုတ်နေတဲ့ တောင်သူ လယ်သမား ကျေးလတ်နေ ပြည်သူက အစ လူထုရဲ့ ရဲရဲတောက်အလံတွေနဲ့ ဆိုင်ကယ်သံကြားပြီးတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ ကြွေးကြော်သံတွေ ကြားလိုက်တာနဲ့ လူထုက ဝုန်းကနဲ သူတို့ရဲ့ နေနေတဲ့ ရောက်နေတဲ့ နေရာကနေ ကျနော်တို့ ဆိုင်ကယ် လူစုလူဝေးရှိတဲ့ သပိတ်တွေနားအထိ အတူတူပူပေါင်းဝန်းရံလာမှုကို မြင်ရတွေ့ရတာ အားရကျေနပ်လောက်တဲ့ သပိတ်လို့ ကျနော် ဆိုချင်ပါတယ်။” လို့ သပိတ်လှုပ်ရှားမှု ဦးဆောင်သူတဦးက ပြောပါတယ်။

စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပြီး အဆိုပါရွေးကောက်ပွဲ တရားမဝင်ကြောင်းကို လူထုအားနဲ့ ဖော်ထုတ်ရမှာဖြစ်ကြောင်း အထက်ပါ သပိတ်လှုပ်ရှားမှုမှာ ပါဝင်သူက ဆက်ပြောပါတယ်။

“ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လူထုအားလိုပါတယ်၊ လူထုကလည်း ဒီရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်။ ငါတို့ကို ထောင်ချောက်ဆင်ထားတဲ့ ရွေးကောက်ပွဲကြီးဆိုတာကို လူထုတရပ်လုံးက နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ နိုးကြားပြီးတော့ ဒီရွေးကောက်ပွဲကို အုံလိုက်ကျင်းလိုက် အချိန်ကိုက် ဆန့်ကျင်လှုပ်ရှားကြမယ်ဆိုရင် ဒီရွေးကောက်ပွဲဆန့်ကျင်ရာမှာ လူထုလှုပ်ရှားမှု တနည်းအားဖြင့် သပိတ်တွေရဲ့ အရေးပါမှုက အင်မတန်မှ အခရာ ဖြစ်ပါတယ်။” လို့ သူကပြောပါတယ်။

အဆိုပါ ဆိုင်ကယ်သပိတ်လှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် သပိတ်စစ်ကြောင်းက မကွေးတိုင်းကကျေးရွာ ၆ ရွာနဲ့ စစ်ကိုင်းတိုင်းက ကျေးရွာ ၄ ရွာတို့မှာ လှည့်လည်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

“လူထုရဲ့အား ပါဝင်မှုအခြေအနေကတော့ အံ့မခန်းပါပဲ၊ အားရကျေနပ်လောက်တဲ့ လူထုရဲ့ပါဝင်မှု ကျနော်တို့ တွေ့ခဲ့ရပါတယ်”လို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။

တည်းဖြတ် – M⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။