၅ ရက်တာတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်ကဒါဇင်ကျော်သေဆုံးပြီး တပ်ပြန်ဆုတ်သွားရ (ရုပ်/သံ)

0 6
0 6

မြေလတ်အသံ၊ အောက်တိုဘာ ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြားထိတွေ့တိုက်ပွဲ ၅ ရက်တာဖြစ်ခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်က အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ နွေဦးအောင်ပွဲ(တော်လှန်ရေးအင်အားစု)က အောက်တိုဘာ ၃၀ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အရာတော်မြို့နယ်၊ သလဲဘာရွာ ပျူစောထီးစခန်းကနေထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်ဟာ ကျောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်စဉ် အောက်တိုဘာ ၂၁ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။

အဆိုပါတိုက်ပွဲဟာ အောက်တိုဘာ ၂၁ ရက်ကနေ ၂၅ ရက်အထိ ၅ ရက်တာ ကြာမြင့်ခဲ့တယ်လို့ နွေဦးအောင်ပွဲ (တော်လှန်ရေးအင်အားစု)မှ တာဝန်ရှိသူက ပြောပါတယ်။

“စကစနည်းပြီး ပျူတွေများတယ်ဗျ။ သူတို့က ကျောက်ကုန်းရွာကနေ တန်ဖိုးရှိတဲ့ ကား တွေ၊ ဆိုင်ကယ်တွေနဲ့ တခြားပစ္စည်းတွေကို ဝင်ယူပြီးတော့ သလဲဘာကို ပို့နေတာ။ သလဲဘာနဲ့ကျောက်ကြီးက ဟိုဘက်ကမ်း ဒီဘက်ကမ်း မဝေးပါဘူး။ တံတားတစင်းပဲခြားတာ။ လှမ်းခေါ်ရင်တောင်ကြားတယ်။ ကျနော်တို့ တိုက်ထုတ်လိုက်တော့ **ပြေး၊ ဝက်ပြေးနေသွားရတာ”လို့ နွေဦးအောင်ပွဲ (တော်လှန်ရေးအင်အားစု)မှ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နဲ့ပျူစောထီးတွေဘက်က အောက်တိုဘာ ၂၄ ရက်မှာ ၇ ဦး၊ အောက်တိုဘာ ၂၅ ရက်မှာ ၉ ဦးတို့ စုစုပေါင်း ၁၆ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကော်မရှင်နဲ့ပျူစောထီး ၇ ဦးကိုမျက်မြင်တွေ့ခဲ့ရတာဖြစ်သလို ကျန် ၉ ဦးကိုတော့ ကျေးရွာရဲ့ တံတားပေါ်မှာသေဆုံးခဲ့တာကို ဒရုန်းကတဆင့်မြင်တွေ့ခဲ့ရတာဖြစ်ပြီး တံတားပေါ်ကအလောင်းတွေကို ထွက်ပြေးစစ်သားတွေက ချောင်းထဲကို ပစ်ချခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ အောက်တိုဘာ ၂၅ ရက်ညနေ ၅ နာရီအချိန်မှာ ကျောက်ကုန်းရွာကနေ သလဲဘာရွာ ပျူစောထီးစခန်းကို ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်အမှတ် ၁၊ ၂၊ ၄ တပ်ရင်း၊ ဝက်လက်မြို့နယ် ပကဖ၊ ရွှေ ပန်းကုံးတိုက်နယ်ပကဖ၊ ကိုးတောင်ကြားအဖွဲ့၊ ရွှေဘိုခရိုင် Drone အဖွဲ့၊ ကျီးကန် (မ)ရွာ Drone အဖွဲ့၊ MSaiNaw Drone အဖွဲ့နဲ့ ဒေသခံပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။