တိုင်းအဆင့်ရဲမှူးလိုက်ပါလာတဲ့ ယာဥ်တန်းကိုကြားဖြတ်တိုက်ပြီး ကား ၁ စီးကိုမီးရှို့ (ရုပ်/သံ)

0 4
0 4

မင်းတုန်း၊ အောက်တိုဘာ ၂၉၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်လက်အောက် တိုင်းအဆင့်ရဲမှူးလိုက်ပါလာတဲ့ ယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြို တိုက်ခိုက်ခဲ့ပြီးနောက် ကား ၁ စီးကို မီးရှို့ဖျက်ဆီးကာ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈ ရက် နေ့လယ် ၁ နာရီခန့်မှာ မင်းတုန်းမြို့ဘက်မှ ကံမနယ်ဘက်ကိုမောင်းနှင်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကော်မရှင်ကား ၄ စီးကို မဲဇလီကျေးရွာနဲ့ ဝန်တွင်းကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဟိုင်းလပ်ယာဥ်(Hilux) ၁ စီး မိုင်းထိခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

“သတင်းအရ ကင်းပုန်းကြိုဝပ်နေတာရှိတယ်။ ရတဲ့သတင်းအတိုင်းကား ၄ စီးလာတယ်။ မိုင်းဆွဲပြီးပစ်တယ်။ ပစ်တဲ့အခါမှာ ယာဥ်တန်းလည်းဖြစ်တဲ့အတွက် အရှိန်လည်းပါတော့ဆက်ပြီးတော့ မောင်းပြေးသွားတယ်။ ကျနော်တို့တိုက်ခိုက်လိုက်တဲ့နေရာနဲ့ ၂ မိုင်လောက်အထိ အဲ့အထိကိုလိုက်ပြီးရှင်းလင်းတဲ့အခါမှာ မိုင်းဆွဲလို့ထိခိုက်တဲ့ကားပေါ့။ ထိုးရပ်ခဲ့တာရှိတယ်။ ကားပေါ်မှာထိန်းသိမ်းတဲ့အခါမှာ စစ်အသုံးဆောင်ပစ္စည်းတွေ၊ ထိခိုက်ထားတဲ့အချက်အလက် သွေးစသွေးနတွေ ခေါင်းကိုထိထားတာတွေ ထုတ်ပြန်ထားတာတွေတွေ့ရတယ်။ ကားကိုတော့မီးရှို့ခဲ့တယ်”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

မိုင်းထိပြီးနောက် မောင်းနှင်ထွက်ပြေးသွားတဲ့ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံပစ်ခတ်တိုက်ခိုက်ရာ မိုင်းထိတဲ့ကားကို လမ်းပေါ်ရပ်ထားခဲ့ကာ ကားပေါ်ပါ ထိခိုက်ဒဏ်ရာရသူတွေကို ကျန်ကား ၃ စီးနဲ့ တင်ဆောင်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ခိုက်မှုအတွင်း မိုင်းဆွဲခံရပြီးပစ်ခတ်ခံရတဲ့ကားပေါ်ပါ စစ်ကော်မရှင်တပ်သား ၄ ဦး ထိခိုက်သေဆုံးနိုင်ပြီး ၇.၆၂ မမကျည် ၁၀၂ တောင့်၊ ကာဘိုင်ကျည် ၁၇ တောင့်၊ စစ်အသုံးအဆောင် ပစ္စည်းအချို့နဲ့ ငွေသား ၃ သိန်းကျပ်ကို သိမ်းဆည်းနိုင်ခဲ့ကာ စစ်ကော်မရှင်ကားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးတဲ့နောက် မင်းတုန်းမြို့အဝင် ၅ မိုင်စစ်ဆေးရေးဂိတ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး နယ်မြေရှင်းလင်းရေးသဘောအရ ခဏ စစ်ကြောင်းထိုးလာတာလောက်တာရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်၊ အင်းလယ်ကုန်းကျေးရွာအနီးမှာ မင်းတုန်းမြို့မရဲစခန်းက ရဲတပ်သား ၂ ဦးကို ပစ်ခတ်ခံရပြီး‌ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် – HP

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။