မုံရွာ၊ အောက်တိုဘာ ၁၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်လာတဲ့ စစ်သင်္ဘော ၄ စီး တွဲတွန်း ၁၁ စီးတို့ကိုအောက်တိုဘာ ၁၁ ရက်နေ့က မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group-CFG ဆီက သိရပါတယ်။
ကျောက်စိမ်း၊ ကြေးနီ၊ ကျောက်မီးသွေး၊ ဆီတွေတင်လာတဲ့ အဆိုပါ စစ်သင်္ဘော ၄ စီးနဲ့ တွဲတွန်း ၁၁ စီးကို မနက် ၈ နာရီခွဲလောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန်တိုက်ခိုက်ချိန် ၇ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သင်္ဘောတွေကိုထိမှန်ခဲ့ကာ သေဆုံးထိခိုက်မှုကိုတော့မသိရဘူးလို့ Chindwin Fighter Group-CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။
“ကျောက်မီးသွေးကြီးပဲ တင်လာတာမဟုတ်ဘူး၊ ဆီလှောင်ကန်တွေလည်းပါတယ်၊ ကျောက်စိမ်းနဲ့ ကြေးနီတွေလည်း တင်လာတာ၊ ပစ်ခတ်တိုက်ခိုက်အချိန်က ၇ မိနစ်လောက်ရှိတယ်၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ပြန်လည်ပစ်ခတ်တယ်၊ ဝေဟင်ကလည်း paramotor စက်တပ်လေထီးနဲ့ ဝဲတယ်၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး၊ စစ်သင်္ဘောတော့ ထိတယ်”လို့ Chindwin Fighter Group-CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။
တိုက်ခိုက်ချိန်အတွင်း စစ်ကော်မရှင်တပ်ဘက်က Paramotor လာပေမယ့် ပစ်ခတ်သွားခြင်းတော့မရှိဘူးလို့လည်းသူကဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Chindwin Fighter Group-CFG နဲ့ Brave Heart Army-(B.H.A) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ကျောက်စိမ်း၊ ကြေးနီ၊ ကျောက်မီးသွေး၊ ဆီတွေတင်လာတဲ့ စစ်သင်္ဘော ၄ စီးနဲ့ တွဲတွန်း ၁၁ စီးဟာ မြစ်ကြောင်းအတိုင်း မကွေးဘက်ကိုဆက်လက်ထွက်သွားတယ်လို့ သိရပါတယ်။
တည်းဖြတ် – HP
2 comments
vitrrmpqndkpxrulzvfimofuwixpmy
mhnfvikuxnrzpxzsmfxiwxhpilvwux