ရိက္ခာထုပ်ထွက်ကောက်တဲ့စစ်သားတွေ တိုက်ခိုက်ခံရလို့ အထုပ်တချို့မကောက်နိုင်သေးဘဲ PDF က ၁ ထုပ်ရခဲ့(ရုပ်/သံ)

0 17
0 17

မြေလတ်အသံ၊ စက်တင်ဘာ ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ် ကနေ ရိက္ခာထုပ်ထွက်ကောက်တဲ့ စစ်ကော်မရှင်တပ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီခန့်မှာ Y 8 သယ်ယူပို့ဆောင်ရေးလေယာဥ်ပေါ်ကနေ ပစ်ချခဲ့တဲ့ ရိက္ခာထုတ်တွေဟာ မြို့ပြင်လယ်ကွင်းတွေအတွင်း ကျရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီရိက္ခာထုပ်တွေကို လာရောက်ကောက်ယူတဲ့ စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ Y8 က ၁၁ ကြိမ် ဝဲပြီးတော့ပတ်ချနေတာပါ။ ကျတော်တို့ကင်းထောက်ဒရုန်းနဲ့ကြည့်နေတာ လယ်ပြင်ဘက်တွေလည်းကျတယ်။ အဲ့တာကို သွားပြီးတော့စောင့်ပြီးပစ်ခတ်လိုက်တာပါ” လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရိက္ခာထုပ်တွေဟာ ဒီပဲယင်းမြို့ပေါ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာတွေနဲ့ မီတာ ၂၀၀ ခန့်အကွာလယ်ကွက်တွေထဲ ကျရောက်ခဲ့တာဖြစ်ပြီး ၁ နာရီကျော်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၃ ဦး ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

Y 8 လေယာဥ်ကနေ ပစ်ချခဲ့တဲ့ ရိက္ခာထုပ်ဟာ ၄၀ ထုပ်ဝန်းကျင်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၁ ထုပ်သိမ်းယူရရှိခဲ့ကာ တိုက်ခိုက်ခံရတာကြောင့် ရိက္ခာထုပ်တချို့ကို ဒီကနေ့ စက်တင်ဘာ ၁၁ ရက်အထိ လာရောက်မကောက်နိုင်သေးဘူးလို့ ဆိုပါတယ်။

“ ရိက္ခာတချို့တဝက်ပဲကျန်ခဲ့တာပါ အခုချိန်ထိလည်းသူတို့မကောက်နိုင်ဘူးလို့သတင်းရပါတယ်။ ရခဲ့တာတော့ ကော်ဖီထုပ်တွေရယ်၊ ကုလားပဲ၊ ဆီရယ်၊ ဆန်ရယ်ပေါ့။ ရတာတော့တထုတ်ပါ။ အလောင်းကတော့မကျန်ဘူးပေါ့ သူတို့ကအနီးတဝိုက်လက်နက်ကြီးတွေနဲ့ကာပစ်ပြီးထုတ်သွားတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် တိုက်နယ် ၁ အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ A2K ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါင်ချိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂျိန်းစဘွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – HP⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။