မြေလတ်အသံ၊ သြဂုတ် ၁၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က သြဂုတ် ၁၄ ရက်ည ၈ နာရီကျော်မှာ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်သည်အပါအဝင် သေဆုံးသူ ၂၂ ဦးထိရှိလာတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ရွှေတိုင်ရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းဝန်းကျင်ကို ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကြဲချခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းအနီးရှိ ကလေးမွေးဖွားဖို့ ပြင်ဆင်နေတဲ့အိမ်ကိုပါ ဗုံးစ ထိမှန်ခဲ့ တာကြောင့် ထိခိုက်သေဆုံးပိုများခဲ့တာလို့ ဆိုပါတယ်။
“ထိခိုက်သူတွေက နေအိမ်ကနေ ပေ ၂၀၀ ကျော်လောက်ထိ လွင့်ထွက်ကုန်တာ။ အချို့က အသားစတွေပဲ ရှာလို့ရတယ်။ ကိုယ်ဝန်သည်လည်း ဆုံးပါးသွားတယ်ပြောတယ်။ ကျနော် အနားထိသွားမရခဲ့ဘူး။ လူနာတွေ အလောင်းတွေက သယ်ထုတ်ပြီးသွားကြပြီ”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးချိန်ညပိုင်းအတွင်း အလောင်း ၉ လောင်းတွေ့ရှိပြီး သြဂုတ် ၁၅ ရက် ဒီနေ့မှာ နောက်ထပ် ၁၀ လောင်းထပ်မံတွေ့ရှိခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေထဲက ၂ ဦးထပ်မံ သေဆုံးခဲ့တာ ကြောင့် ဒီနေ့ပိုင်းအထိအတည်ပြုနိုင်တဲ့ သေဆုံးသူဦးရေဟာ ၂၁ ဦးထိရှိလာနေတာလို့ ဒေသခံတဦးကအ တည်ပြုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်ည ၆ နာရီကျော်မှာလည်း မိုးကုတ်မြို့၊ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၇၁ နှစ်ရွယ်အမျိုးသား ၁ ဦး၊ ၈ နှစ်ရွယ် ယောက်ျားလေး ၁ ဦး၊ ကိုရင် ၁ ပါး၊ ၃၂ နှစ်အမျိုးသမီး ၁ ဦး၊ ၁၁ နှစ်အရွယ် မိန်းကလေး ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း ၊ တည်းဖြတ် – HP