မြေလတ်အသံ၊ ဩဂုတ် ၅၊ ၂၀၂၅။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခ ဒုတိယတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ဇော်မင်းအောင်နဲ့ စစ်ကောင်စီလက်အောက်ဌာနဆိုင်ရာဝန်ထမ်းတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ရတခနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
ဒုတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ဇော်မင်းအောင် ကို လာဘ်ငွေရယူခဲ့တယ်ဆိုကာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ရတခ စစ်ဌာနချုပ်အတွင်း ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။
“ သူက ဒုတိုင်းမှူးကနေ ဖြုတ်ချခံရပြီး အဲ့ဒီ(ဗိုလ်မှူးချုပ်)အဆင့်နဲ့ပဲ စကခ ၁၂ ကော့ကရိတ် ကို အပို့ခံရတာ။ စကခမှူးလည်းမဟုတ်ဘူး ၊ ဂျောင်ထိုးလိုက်တဲ့သဘောပဲ။ အဲ့ဒီနားမှာပဲ သူ့ကိုဦးစီးပြီး စစ်တိုက်ခိုင်းထားတာ” လို့ ရတခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းအောင် ကို ကရင်ပြည်နယ်ကနေပို့ဆောင်တဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို လာဘ်ငွေရယူ ခွင့်ပြုတာ၊ ဇူလိုင်လအတွင်းက ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းပါ ရာနဲ့ချီတဲ့ ကုန်တင်ကားတွေကို ငွေကြေးရယူကာ ပြန်လွှတ်ပေးတာတွေနဲ့ ပတ်သက်ပြီး စစ်ဆေးနေတာဖြစ်ကာ ၎င်းနဲ့အတူ ရဲတပ်ဖွဲ့၊ အကောက်ခွန်က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အရာရှိတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
တိုင်းစစ်ဌာနချုပ်တွေရဲ့တာဝန်ခွဲဝေမှုအရ တိုင်းမှူးက နယ်မြေစစ်ဆင်ရေး၊ ဒုတိုင်းမှူးက နယ်မြေလုံခြုံရေးကို တာဝန်ယူရပြီး လုံခြုံရေးမှာအဓိကတာဝန်ရှိတဲ့ ဒုတိုင်းမှူးတွေဟာ နယ်ဘက်ဝန်ကြီးချုပ်တွေရဲ့ လှုပ်ရှားခရီးစဥ်မှုတွေမှာ ပူးတွဲသွားလာရလေ့ရှိပါတယ်။
ယခုနှစ်ဆန်း ဇန်နဝါရီလအတွင်းမှာ ဗိုလ်မှူးချုပ် ဇော်မင်းအောင်နဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ဘားအံမြို့ခရီးစဥ်တခုမှာ ဂေါက်ကွင်းအတွင်း စကားများရန်ဖြစ်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း၊ အဲ့ဒီနောက် စစ်ခေါင်းဆောင်တွေက ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို ဒုတိုင်းမှူးရာထူးကနေဖြုတ်ချပြီး ကရင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးတွေကို ပို့ဆောင်ခဲ့တယ်လို့ ရတခသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်နဲ့မွန်ပြည်နယ်က တပ်ရင်းတွေနဲ့ နယ်မြေတွေကို ကွပ်ကဲရတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ဒုတိယတိုင်းမှူးဟာ စစ်ကောင်စီရဲ့ ကရင်နဲ့မွန်ပြည်နယ် ဝန်ကြီးချုပ်ခရီးစဥ်တွေမှာ အမြဲလိုလိုလိုက်ပါရပေမယ့် အထက်ပါပြဿနာဖြစ်ပွားပြီးတဲ့နောက် ဒုတိုင်းမှူးအသစ်မခန့်ရမီအထိ ကရင်ပြည်နယ်ဝန်ကြီးချုပ် လှုပ်ရှားမှုတွေမှာ ရတခဒုတိုင်းမှူး ပျောက်ကွယ်နေခဲ့တာပါ။
လစ်လပ်နေတဲ့ ဒုတိုင်းမှူးနေရာကို စစ်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့မတ်လဆန်းပိုင်းမှာ သံဖြူဇရပ်၊ ဝဲဂလိရွာအခြေစိုက် အမှတ် ၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဗညားဝင်း ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။
အဲ့ဒီနောက် မတ် ၉ ရက်က ဖွင့်လှစ်တဲ့ ကော့ကရိတ်မြို့၊ ဂျိုင်းမြစ်ကူးတံတားသစ်ဖွင့်ပွဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ အတူ ဒုတိယတိုင်းမှူး အသစ် ဗိုလ်မှူးကြီး ဗညားဦး ပြန်လည်မြင်တွေ့ခဲ့ရပြီး အဆိုပါတံတားဖွင့်ပွဲမှာ ဒုတိုင်းမှူး တက်ရောက်ခဲ့ကြောင်းကိုလည်း စစ်ကောင်စီပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြေလတ်အသံက ရရှိထားတဲ့ ဗိုလ်မှူးချုပ် ဇော်မင်းအောင်ရဲ့အရာရှိကိုယ်ရေးအကျဥ်းမှတ်တမ်းအရ ၎င်းဟာ ဗိုလ်လောင်းသင်တန်း(OTS) အမှတ်စဥ် ၈၅ ဆင်း အသက် ၅၈ နှစ်၊ စစ်မှုထမ်းသက် ၃၂ နှစ် ခန့်ရှိ စစ်ဗိုလ်ချုပ် ၁ ဦးဖြစ်ပြီး ကရင်နဲ့ရှမ်းမြောက်ဒေသနေရာအများစုစစ်ဆင်ရေးတွေမှာပါဝင်ခဲ့ဖူးကာ ပြစ်မှုမှတ်တမ်းကင်းရှင်းတယ်လို့ ဖော်ပြထားပါတယ်။
သူဟာ ၁၉၉၃ မှာ စစ်ကောင်စီတပ်ကို စတင်ဝင်ရောက်ခဲ့ပြီး မိခင်တပ်ရင်းအဖြစ် မံစီအခြေစိုက် ခမရ ၃၁၉ အပါ တပ်၊ ဌာန၊ လေ့ကျင့်ရေးကျောင်း၊ တိုင်းစစ်ဌာနချုပ် ၁၄ ခုထက်မနည်းမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ မှာ ဗိုလ်မှူးချုပ်အဆင့်နဲ့ ရတခမှာ ဒုတိုင်းမှူးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းအောင် ဟာ စစ်အာဏာသိမ်းချိန်ကစတင်ကာ မော်လမြိုင်ရတခမှာ ဒုတိုင်းမှူးအဖြစ် တာဝန်ရယူထားသူဖြစ်ပြီး ကရင်နဲ့မွန်ပြည်နယ်အတွင်းက စစ်ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူတွေထဲက စစ်ဗိုလ်ချုပ်တဦးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြုလုပ်ခဲ့တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တရားမဝင်ကုန်သွယ်မှုတွေမှာ ဝန်ထမ်းတွေပါ ဝင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောဆိုပါတယ်။
အဲ့ဒီလိုပြောဆိုမှုနဲ့အတူ ရတခဒုတိုင်းမှူးဟောင်းနဲ့ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ တရားမဝင်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုကာ ဖမ်းဆီး စစ်ဆေး ခံနေရတာဖြစ်ပြီး ၎င်းတို့ဟာ စစ်ဘက်၊ နယ်ဘက်နှစ်ခုစလုံးနဲ့ အရေးယူခံရနိုင်တယ်လို့ ရတခသတင်းရင်းမြစ်က ပြောပါတယ်။