မြတ်၊ ခေတ်သဒ္ဒါ
ကသာ၊ ဇူလိုင် ၂၇၊ ၂၀၂၅။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇူလိုင် ၂၆ ရက် ယမန်နေ့ မနက်ပိုင်းက ကသာမြို့ဆိပ်ကမ်းကနေ ထွက်ခွာသွားတဲ့ စစ်သင်္ဘော ၁၂ စီးကို မိုးတားလေးကျေးရွာအနီးအရောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ၁၂ စီးဆန်တက်လာတဲ့အချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာ။ ၁ စီးကတော့ မီးခိုးတွေအူထပြီး ထိခိုက်ပျက်စီးသွားတယ်။ စစ်** ထိခိုက် အသေအပျောက်ကိုတော့ ကျနော့်အနေနဲ့ အတည်မပြုနိုင်သေးဘူး။ သင်္ဘောပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်ခတ်ခဲ့တာ”လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေ လတ်အသံကို ပြောပါတယ်။
အဲ့ဒီစစ်သင်္ဘောတွေဟာ သပိတ်ကျင်းမြို့ကို ဖြတ်သန်းစဥ်မှာလည်း တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စစ်သင်္ဘော ၅ စီးပါတဲ့ ရေယာဥ် ၁၄ စီးအုပ်စုကို သလဲချောင်းကျေးရွာအနီး တိုက်ခိုက်ခဲ့တာကြောင့် ၁ စီးနစ်မြှုပ်သွားခဲ့ပြီး ၃ စီးထိခိုက်ပျက်စီးခဲ့ကြောင်း MDY-PDF က ဇူလိုင် ၂၂ ရက် မှာ သတင်းထုတ်ပြန်ခဲ့သလို တိုက်ခိုက်ခံရမှုကြောင့် သင်္ဘောပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကလည်း အတည်ပြု ပြောပါတယ်။
” လက်နက်ကြီးတွေကျလာတာလေ။ သင်္ဘောတွေ အကုန်လုံးပေါ်ကထိကြတာများတယ်။ ပါလာတဲ့အထဲ သင်္ဘောတစီးပေါ်မှာပဲဆရာဝန်ပါတော့အကျဆုံးက တအားများတယ်”လို့ သပိတ်ကျင်းမြို့ကို စစ်ရေးကွပ်ကဲနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ထိခိုက်သေဆုံးမှုများပြားတာကြောင့် သပိတ်ကျင်းမြို့မှာ ကမ်းကပ်ရပ်နားပြီး စစ်သင်္ဘောပေါ်ပါ အရေးကြီးလူနာနဲ့ အလောင်းတွေကို သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တကက ၁၃)ထဲကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
စစ်သင်္ဘောအုပ်စုတွေဟာ ဇူလိုင် ၁၇ ရက်က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး သပိတ်ကျင်းမှာ တိုက်ခိုက်ခံရပြီးနောက် လက်ကျန် စစ်သင်္ဘောတွေဟာ ဇူလိုင် ၂၂ ရက်မှာ ဂေါဝန်ဆိပ်ကမ်းကနေပဲ ထပ်မံဆန်တက်လာတဲ့ စစ်သင်္ဘော ၆ စီးအုပ်စုနဲ့ သပိတ်ကျင်းအထက် ပန်းပင်ရွာအနီးမှာ ပူးပေါင်းသွားခဲ့ပြီး ကသာမြို့ကို ဆက်လက်ဆန်တက်လာတာပါ။
အဲဒီစစ်သင်္ဘောတွေပေါ် လူ၊ လက်နက်၊ ခဲယမ်းနဲ့ ဆေးဝါးရိက္ခာတွေတင်ဆောင်လာတာဖြစ်ပြီး စစ်ရေး ပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အင်အားဖြည့်တင်းနိုင်ဖို့ မြစ်ကြောင်းအတိုင်း ဆန်တက် လာတာဖြစ်ကာ စစ်သင်္ဘောအုပ်စုဟာ ဒီကနေ့မနက်ပိုင်းမှာ ရွှေကူမြို့နယ်အတွင်းရောက်ရှိနေပြီလို့ သိရပါတယ်။
ကသာမြို့နယ်အတွင်း စစ်သင်္ဘောတွေတိုက်ခိုက်ခံရတဲ့နေရာကို ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲမှာ Y 12 လေယာဥ် ၁ ကြိမ်၊ နေ့လည် ၁၂ နာရီခွဲမှာ ဂျက်ဖိုက်တာနဲ့ ၁ ကြိမ် ဗုံးအလုံးရေ ၂၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
” သင်္ဘောတွေကို လေကြောင်းကနေ လုံခြုံရေးယူပေးသလိုနဲ့ ဗုံးကြဲချတာပေါ့။ မိုးတားလေးရွာနဲ့ မြေနုရွာကြားကို အရင်ကြဲတယ်။ အကြိမ်ရေ ၂၀ ကျော်ကို ကြဲချခဲ့တာ” လို့ ကသာမြို့နယ်မှာလှုပ်ရှားနေတဲ့ အထက်ပါရဲဘော်က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မြေနုကျေးရွာကအမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး မြေနုနဲ့နလယ်အင်းကျေးရွာက ဒေသခံအမျိုးသား ၄ ဦး ဒဏ်ရာရခဲ့ကာ မိုးတားလေးကျေးရွာ ဘုရားကုန်းရှိ သာသနာ့အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်သင်္ဘောတွေဆန်တက်တဲ့ မြစ်ကြောင်းတလျှောက် မြစ်ကမ်းနံဘေးရွာတွေကို စစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေပြီး ဝက်လက်မြို့နယ်အတွင်းရောက်ရှိစဥ်ကလည်း ဧရာဝတီမြစ်ကမ်းနံဘေးက ရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂၁ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP