myaelatt athan

Sharing Information to the Local

ဆိပ်ဖြူ လက်ဆည်နယ်မြေရဲစခန်းတိုက်ပွဲ PDO/PDA စစ်ဦးစီးရေးချုပ်အပါ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး(ရုပ်/သံ)

0 22
0 22

ပခုက္ကူ၊ ဇူလိုင် ၂၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားတဲ့ လက်ဆည်နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ PDO/PDA ရဲ့ စစ်ဦးစီးရေးချုပ်အပါ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

ဇူလိုင် ၁၇ ရက် မနက် ၄ နာရီ ဝန်းကျင်ကစတင်ပြီး ဆိပ်ဖြူ ကပစ ၂၁ အနီးက အင်အား ၂၅ ဦးခန့်ရှိတဲ့ အဲ့ဒီရဲစခန်းကို ၃ နာရီကြာ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကလည်း ၃ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ခဲယမ်း အခက်အခဲဖြစ်သွားတာပေါ့။ ထောက်ပို့အဖွဲ့က ယောချောင်းတွေ ဖြတ်ရတဲ့အခါမှာ အချိန်မီ မရောက်လာတာ။ ရှေ့မှာပစ္စည်းကုန်သွားတဲ့အခါနဲ့ သူတို့(စစ်ကောင်စီ)က ကပစထဲက အကူက လျှင်လျှင်မြန်မြန်ရောက်လာတာနဲ့ ပြန်ပြောင်းပြီးဆုတ်ခဲ့ရတာပေါ့။” လို့ အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ပြောပါတယ်။

စခန်းသိမ်းနိုင်မယ့်အခြေအနေအထိ ရှိခဲ့ပေမယ့် ခဲယမ်းမလုံလောက်တာအပြင် ဆိပ်ဖြူ ကပစတပ်က အင်အား ၁၀၀ ကျော်ခန့်နဲ့ စစ်ကူရောက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

တိုက်ပွဲအတွင်း PDO PDA စစ်ဦးစီးရေးချုပ် ရဲဘော် နဂါး ၃၆ နှစ်နဲ့ PRF တပ်စုမှူး ရဲဘော် ထွန်းခ (ခ) ရဲဘော်စိုင်းနောင် ၂၀ နှစ်တို့ ကျဆုံးခဲ့ပြီး အညာမြေတပ်ပေါင်းစုက တပ်ဖွဲ့ဝင် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကာ ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းနဲ့လက်နက်တွေကို ပြန်မယူနိုင်တာကြောင့် Type 81 သေနတ် ၂ လက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘန်ကာထဲကို ကျွံသွားသလိုဖြစ်သွားတာ။ သူရဲ့ dead body (ရုပ်အလောင်း)ကိုရော မကောက်ခဲ့နိုင်သလို သူ့ရဲ့ လက်နက်တွေကိုရော မကောက်နိုင်ခဲ့ဘူး။ နောက်ကကောက်တာနဲ့ ကောက်တဲ့လူပါထိတော့မှာမို့ စိတ်မကောင်းစွာနဲ့ ထားခဲ့ရတာ။” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

အညာမြေတပ်ပေါင်းစုက ပထမဆုံးအကြိမ်အဖြစ် သွားရောက်တိုက်ခိုက်ခဲ့တဲ့ အဆိုပါ ကာကင်းစခန်းဟာ ကပစ ၂၁ နဲ့ ၄ မိုင်ခန့်ဝေးနေရာမှာရှိနေပြီး အာဏာသိမ်းကာလကစတင်ကာ အထိုင်စခန်းတခုဖြစ်လာတဲ့အပြင် အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုး ပစ္စည်းယူတာမျိုးတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု နဲ့အတူ အမှတ် ၈ စစ်ကြောင်းဦးဆောင်မှုနဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၉၊ တပ်ခွဲ ၃၊ ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC၊ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF၊ God of Myaing, PL PDF နဲ့ ကိုရေခဲနှင့်ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။