မြေလတ်အသံ၊ ဇူလိုင် ၂၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲခူးရိုးမအတွင်းက PDF စခန်းတွေဆီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ သေဆုံးမှုများခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူတဦးထံက သိရပါတယ်။
ဘန့်ဘွေးကုန်းရွာကနေ အင်အား၂၀၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပဲခူးရိုးမအတွင်းက စပါးကြီးချောင်းအနီးမှာ ဇူလိုင် ၁၃ ရက် နေ့လယ် ၁ နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အထိနာတာကြောင့် စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ တပ်ကို ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
အထိနာပြီး ယာယီပြန်ဆုတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ဇူလိုင် ၁၄ ရက်မှာ စစ်အင်အား ၄၀၀ ခန့်နဲ့ ခါချဥ်တောင်ရှိ PDF စခန်းတွေဆီ ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် တောင်ခြေမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်တပ်က ဒရုန်း ၃ စီးနဲ့ ဗုံးသီးတွေ အဆက်မပြတ်ကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် အင်အားမမျှတော့လို့ ခါချဥ်တောင်ရှိ PDF စခန်းကို လက်လွှတ်ခဲ့လိုက်ရတယ်လို့ သိရပါတယ်။
ဒရုန်းဗုံးစထိမှန်ပြီး တပ်ခွဲ ၅ တပ်ဖွဲ့ဝင် ဇာမဏီ သေဆုံး၊ ၇ ဦး ဒဏ်ရာရခဲ့ကာ အဲ့ဒီနောက် ကျည်ဆန်အင် အားနည်းလာတာကြောင့် စခန်းကို လက်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၄ ရက် ညနေပိုင်းမှာ လက်နက် ခဲယမ်းတွေယူဆောင်ကာ စခန်းကနေဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်မှာ ခါချဥ်တောင်စခန်းကို စီးနင်းနိုင်ခဲ့ကာ ညပိုင်းမှာ ဘန့်ဘွေးကုန်း ရွာကို ပြန်ဆုတ်ခွာသွားခဲ့ကာ စခန်းစီးနင်းခံရချိန်မှာ လက်နက်၊ခဲယမ်းဆုံးရှုံးမှုမရှိခဲ့ပေမယ့် ဆိုင်ကယ် ၂ စီးအပါ တပ်ဖွဲ့ပိုင်ပစ္စည်း တန်ဖိုး ကျပ်သိန်း ၂၀၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
၂ ရက်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၈၀ ဦးခန့်သေဆုံးခဲ့ပြီး ရုပ်အလောင်းအားလုံးကို ပြန်လည်သယ်ယူသွားခဲ့တယ်လို့ တပ်ခွဲ ၅ တာဝန်ရှိသူက ပြောဆိုပေမယ့် မြေလတ်အသံက သီးခြား အတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများပြားရတဲ့အခြေအနေတွေကို မင်းလှ PDF တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
“စစ်မှုထမ်းတပ်သားသစ်ကလေးတွေ သုံးလာတယ်။ ဘန့်ဘွေးကုန်းရွာက ဒေသ ၂ ဦးပါ လာတယ်။ လမ်းပြခေါ်လာတယ်။ တချို့စစ်သားတွေက ဆေးတွေသုံးထားတယ်လို့ ယူဆရတယ်။ ပစ်နေတဲ့ကြားထဲက ရှေ့ကို အတင်းတက်လာတာဗျ။ သေမှာလည်း မသိတာတော့မဟုတ်ဘူး။ ဆေးကြောင့်လို့ ယူဆတာပေါ့။ အသေခံပြီးတော့ကိုတက်လာတာ လူငယ်လေးတွေပေါ့ ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက စတင်ကာ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းကို စစ်ကြောင်းတွေဝင်ရောက်နေတာဖြစ်ပြီး ခါချဉ်တောင်စခန်းကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စာတည်း – မြတ်၊ တည်းဖြတ် – HP