ပေါင်းတည်၊ မတ် ၇၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သဲမဲကျေးရွာအနီးမှာ မိုင်းဆွဲခံရလို့ စစ်ကြောင်းမှူးပါ ၂ ဦးသေပြီး ပြည်သူနေအိမ် ၃၂ လုံး မီးရှို့ခံရတယ်လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
မတ်လ ၆ ရက်မနက် ၆ နာရီခန့်မှာ ပေါက်တောရွာရှိ ခမရ ၁ဝ တပ်ရင်းကထွက်လာတဲ့ အင်အား ၅၀ ဦးပါ စစ်ကြောင်းကို သဲမဲရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပစ်ခတ်တာမရှိဘူး။ သူတို့ဘက်က ပစ်ခတ်တာပဲရှိတယ်။ ကျနော်တို့ဘက်က ရှေ့ထွက်မိုင်း ၁ လုံးနဲ့ ပတ်လည်မိုင်း ၁ လုံး ဆွဲလိုက်တာရှိတယ်။ ထိခိုက်တာတော့မျက်မြင်ပါ။ သေဆုံးအလောင်းတွေကို တရွတ်တိုက်ဆွဲတယ်။ ဒဏ်ရာရတဲ့သူတွေကိုတွဲခေါ်ပြီးတော့ ခေါ်သွားတာမြင်ရတယ်။ စစ်ကြောင်းမှူး သေတာကို ကနဦးတော့မသိရဘူး။ နောက်မှ စစ်တပ်နဲ့နီးစပ်သူတွေဆီက စစ်ကြောင်းမှူးဆုံးသွားတာသိရတယ်”လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ Shadow က ပြောပါတယ်။


ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်း ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ကာ နယ်မြေရှင်းလင်းချိန်မှာတော့ ကျည်ဘောက် ၁ ခု၊ ၅.၅၆ ကျည် ၄၂ တောင့်နဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကြောင်းဟာ ခမရ ၁၀ ဘက်ကိုပြန်ဆုတ်သွားပြီး မတ်လ ၇ ရက်မနက် ၃ နာရီကျော်ခန့်မှာ ခမရ ၁၀ ကနေ အင်အား ၁၅ ဦးခန့်ထပ်ထွက်လာပြီး သဲမဲရွာကိုမီးဝင်ရှို့ကာ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။


စစ်ကော်မရှင်အဖွဲ့တွေမီးရှို့လို့ ရွာထဲက နေအိမ် ၃၂ လုံးမီးလောင်ပျက်စီးပြီး ရွာခံတွေကတော့ ဇန်နဝါရီလဆန်းလောက်ကတည်းက စစ်ကြောင်းမကြာခဏထိုးနေတာကြောင့် အားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲမှာလူမရှိဘူးလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း သဲမဲကျေးရွာအနီး ကြံခင်းအစပ်မှာ ခမရ ၁၀ ကထွက်လာတဲ့ စစ်ကြောင်းမိုင်းဆွဲခံရပြီး ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း