ပေါက်၊ နိုဝင်ဘာ ၂၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ရွာထဲမှာမီးရှို့နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ဖမ်းပြီး လက်နက်တွေလည်းသိမ်းဆည်းခဲ့တယ်လို့ Young Revolution Force ဆီက သိရပါတယ်။
တပ်မ ၉၉ လက်အောက်ခံ အမှတ် ၁၀၉ ခြေမြန်တပ်ရင်းက အဆိုပါစစ်ကော်မရှင်တပ်သား ၃ ဦးက ချောက်ကန်ရွာထဲမှာမီးရှို့နေစဥ် အောက်တိုဘာ ၃၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ သေနတ် ၁ ချက်မဖောက်ရဘဲနဲ့ ဖမ်းဆီးနိုင်ခဲ့တာ၊ ကျနော်တို့က ဒီအတိုင်းပဲဝင်ဖမ်းလိုက်တာ၊ သေနတ်မပစ်လိုက်ရဘူး၊ ချက်ကန်ကျေးရွာထဲမှာပဲ အရှင်ဖမ်းမိခဲ့တာ၊ သူတို့ မီးရှို့တဲ့သူက မီးရှို့နေပြီ၊ သူတို့ မီးရှို့တာက အိမ်ကောင်းကြီးတွေ အိမ်မကြီးတွေတော့ မရှို့ဘူး၊ သူတို့ မီးဖိုချောင်တွေ နွားစာတဲတွေ ရှို့တာတော့ ၇ လုံးလောက်ရှိတယ်” လို့ Young Revolution Force သတင်းတာဝန်ခံက ပြောပါတယ်။

သူတို့ဆီကနေ MA 2 ၁ လက်၊ MA 3 ၁ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၃ လုံး၊ ၆၀ မမဗုံးသီး ၅ လုံး၊ အီကွေ့မန့် ၁ ခု၊ ကျည်ကာဦးထုပ် ၃ လုံး၊ ကျည်ဘောက် ၁၁ ခု၊ ကျည်မျိုးစုံ ၁၃၀၀ ကျော်၊ စစ်ဝတ်တန်ဆာတွေရရှိခဲ့ပြီး ဖမ်းဆီးခံ ၃ ဦးကိုတော့ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီဖမ်းဆီးခဲ့တာကို Young Revolution Force ဦးဆောင်ပြီး ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းက ပူးပေါင်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
စကခ ၁၄၊ ခမရ ၁၀၉၊ ခမရ ၄၁၉ စတဲ့တပ်ရင်းတွေက အင်အား ၄၀၀ ကျော်ပါတဲ့စစ်ကြောင်းက အောက်တိုဘာ ၂၉ ရက်မှာ ကပစ ၂၂ ကနေထွက်လာပြီးနောက် ဆိပ်ဖြူမြို့နယ်၊ ရေထွက်ရွာမှာ ညအိပ်စခန်းချခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် အောက်တိုဘာ ၃၀ ရက်မှာ စစ်ကြောင်းက ပေါက်မြို့နယ်၊ ရှားပင်ရွာနဲ့ ပုတီးရွာကို စစ်ကြောင်းထိုးခဲ့ပြီး အဲ့ဒီကတဆင့် အောက်တိုဘာ ၃၁ ရက်မနက် ၄ နာရီဝန်းကျင်မှာ ချက်ကန်ရွာကို ဝင်ရောက်ခဲ့တယ်လို့ အထက်ပါသတင်းတာဝန်ခံက ပြောပါတယ်။

ချက်ကန်ရွာကိုစစ်ကြောင်းဝင်ကတည်းက တော်လှန်ရေးတပ်တွေဖွဲ့တွေဘက်ကလည်း အဲ့ဒီစစ်ကြောင်းအခြေအနေကိုစောင်ကြည့်နေခဲ့ကာ မနက် ၅ နာရီဝန်းကျင် ရွာကနေစစ်ကြောင်းပြန်ထွက်သွားကြချိန်မှာ မီးရှို့ဖို့ကျန်ခဲ့ကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးကို ဝင်ဖမ်းလိုက်တာလို့ ဆိုပါတယ်။
“ချက်ကန်ရွာရဲ့ အရှေ့ပိုင်းအတိုင်းဝင်လာတဲ့ အချိန်မှာ ကျနော်တို့တပ်ဖွဲ့တွေက ချက်ကန်ရွာရဲ့တောင်ဘက် ပုတီးရွာမှာရှိတယ်၊ သူတို့က ပုတီးရွာကို မဝင်ဘဲနဲ့ ပုတီးရွာမြောက်ဘက်အတိုင်း ချက်ကန်ရွာဘက်ကို သွားတာ၊ စစ်ကြောင်းနောက်ကနေ ကျနော်တို့ တပ်ဖွဲ့တွေ အကုန်ကပ်လိုက်တာ” လို့ သူကပြောပါတယ်။
ချက်ကန်ရွာကိုစစ်ကြောင်းလာချိန်မှာလည်း ချက်ကန်ရွာအနီး တာဝါတိုင်လမ်းစုံမှာ အမျိုးသား ၄ ဦးကို ဖမ်းဆီးပြီး ကား ၂ စီးကိုချောဆွဲသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဒီးတုတ်ကွင်းနဲ့ တပ်ကုန်းရွာတို့ကိုဝင်ရောက်ပြီး နိုဝင်ဘာ ၂ ရက် ဒီညအထိတပ်စွဲနေကြတယ်လို့ သိရပါတယ်။
စာတည်း – လင်း


