ပဲခူး၊ နိုဝင်ဘာ ၂၀၊ ၂၀၂၆။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အစပ်က ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးစခန်းအပါအဝင် တပ်စခန်း ၂၈ ခုသိမ်းဆည်းထားနိုင်တယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့က အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၃ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်းမှာ တပ်စခန်း ၂၈ ခုအထိ သိမ်းယူထားနိုင်ပြီး ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက ၁၁ ခုနဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက စခန်း ၁၇ ခုပါဝင်တယ်လို့ ဆိုပါတယ်။
သိမ်းခံရတဲ့ စခန်းတွေထဲမှာ NUG အထူးတိုင်းစခန်း၊ KNLA တပ်ရင်း ၃ စစ်ကြောင်းရုံး၊ ဗျူဟာ ၂၇ ဗျူဟာရုံး၊ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးစခန်း၊ နဂါးဖြူတပ်ရင်းစခန်းအပါအဝင် ယာယီစခန်းငယ်တွေလည်းပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျိုက်ထိုမြို့နယ်၊ နတ်စင်ကျေးရွာနဲ့ ခမောက်ခွေရွာကြားက ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးစခန်းအပါအဝင် တပ်စခန်းအချို့ ထပ်မံသိမ်းယူခံရတာ မှန်ကန်သော်လည်း တပ်စခန်း ၂၈ ခုအထိတော့မရှိနိုင်ဘူးလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးစခန်းက ဒီရက်ပိုင်းထဲ ဆုတ်ပေးလိုက်ရတာ။ နဂါးဖြူတပ်ရင်းက တပ်ခွဲစခန်းတွေလည်း ဆုတ်ပေးလိုက်ရတယ်။ ဒီရက်ပိုင်းထဲမှာ ရဲဘော်တွေဖမ်းဆီးသတ်ဖြတ်ခံရတာလည်း ရှိတယ်။ အခြေနေအသေးစိတ်ကတော့ အချိန်တန်ရင် သက်ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း ၅၊ ခမောက်ခွေ၊ နတ်စင်၊ ကျောက်ဖျာကျေးရွာအနီးတွေမှာ ဖြန့်ကျက်ထားသလို တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း ပြောက်ကျားစနစ်နဲ့ ပိတ်ဆို့တိုက်ခိုက်နေလို့ မြေပြင်စစ်ရေး တင်းမာနေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ထားပြီး တော်လှန်ရေးတပ်တွေဘက်က ခေါင်းဆောင် ၂ ဦးအပါ ရုပ်အလောင်း ၇ လောင်းနဲ့ လက်နက် ၁၀၀ ကျော်အပြင် စစ်အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားသော်လည်း စစ်တပ်ဘက်က သေဆုံးမှုကိုတော့ သတင်းထုတ်ပြန်ထဲမှာ ထည့်သွင်းမထားပါဘူး။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ စစ်ကြောင်းထိုးလာတဲ့ ကာလအတွင်း တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က သေဆုံးသူ ဆယ်နဲ့ချီပြီး ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်စခန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတပ်ရင်း တာဝန်ရှိသူထံ မြေလတ်အသံက ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။