မြေလတ်အသံ၊ ဇူလိုင် ၂၅၊ ၂၀၂၅ ။
မန္တလေးမြို့၊ ပြည်ကြီးတခွန်မြို့နယ်က အလှူပွဲတခုမှာ မန္တလေးပြည်သူ့စစ်(ပျူစောထီး) ခေါင်းဆောင် ကျော်သက်ရှည် (ခ) နှုတ်ခမ်းမွှေး ဆိုသူက သေနတ်ပစ်ဖောက် ရမ်းကားခဲ့တယ်လို့ မန္တလေးပျူစောထီးတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အလှူပွဲမှာ မူးယစ်ရမ်းကားခဲ့တဲ့ ကျော်သက်ရှည် (ခ) နှုတ်ခမ်းမွှေးဟာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပျူစောထီးတပ်ဖွဲ့ခေါင်းဆောင်တွေထဲကတဦးဖြစ်ပြီး ငွေတော်ကျီကုန်းရပ်ကွက်ရှိ ပျူစောထီးတွေအခြေပြုရာစခန်းမှာ ဇူလိုင် ၂၁ ရက်က ပြုလုပ်တဲ့အလှူပွဲမှာ သေနတ်ပစ်ဖောက်ပြီး မူးယစ်ရမ်းကားခဲ့တာကြောင့် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ထိပ်တုံးခတ်ပြီး တုတ်နဲ့ရိုက်ခဲ့တာလို့ ဆိုပါတယ်။
ပျူစောထီးတွေရဲ့အလှူမှာ ငှားရမ်းထားတဲ့ ဇာတ်အဖွဲ့က သတ်မှတ်ချိန်မတိုင်မီသိမ်းသွားတယ်ဆိုကာ ပျူစောထီးခေါင်းဆောင်က ၎င်းကိုင်ဆောင်တဲ့ ကာဘိုင်သေနတ်ကို ပစ်ဖောက်ပြီး အလှူပွဲအတွင်း ရမ်းကားခဲ့တာလို့ ဆိုပါတယ်။
မဘသဘုန်းကြီး ပေါက်ကိုယ်တော် ခေါ် ဦးအရိယဝံသ ဟာ မန္တလေးပျူစောထီးအားလုံးကိုဦးစီးတဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ၎င်းရဲ့လက်အောက်ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ပေါ် မှာ နာမည်ဆိုးနဲ့ကျော်ကြားကာ မကြာခဏရမ်းကားသောင်းကျန်းလေ့ရှိပါတယ်။