စစ်ကိုင်း၊ ဇွန် ၁၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်နေ အမျိုးသားတဦးဟာ ဇွန်လ ၁၇ ရက် မနေ့ည ၆ နာရီကျော်မှာ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့(မုံရွာ) ဆီက သိရပါတယ်။
သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးဖြစ်ပြီး သူရဲ့နေအိမ်ထဲမှာဘဲ ကြိုးဆွဲ ချသေဆုံးခဲ့တာဖြစ်သလို ဘာကြောင့် အခုလိုလုပ်ခဲ့လဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။
“သူ့မိန်းမနဲ့က ကွဲနေပြီးတော့ အရက်လည်း အရမ်းသောက်တတ်တယ်လို့ သိထားရတယ်။ သူကအိမ်မှာ တယောက်ထဲနေတာဖြစ်လောက်တယ်”လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(မုံရွာ) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အလောင်းကိုသွားယူခဲ့ချိန်မှာလည်း နေအိမ်မှာ ဇနီးဖြစ်သူ၊ သား၊သမီးတွေနဲ့ ဆွေမျိုးသားချင်းတွေ တဦးမှမတွေ့ရှိခဲ့ရဘူးလို့ သူကဆက်ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ အခု၂၀၂၃ ခုနှစ်အတွင်း ကြိုးဆွဲချသေဆုံးမှုမှာ ဒီဖြစ်စဥ်က ပထမဦးဆုံးဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဇွန်လ ၁၈ ရက် ဒီမနက်ပိုင်းမှ မုံရွာမြို့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာလည်း မုံရွာမြို့၊ ရတနာပုံရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးဟာ သူရဲ့နေအိမ်မှာပဲ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း