မြေလတ်အသံ၊ မတ် ၄၊ ၂၀၂၆။
ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ – ဗလကသ က ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် ကဗျာရွတ်ပွဲအခမ်းအနားကို မတ်လ ၃ ရက်မှာပြုလုပ်ခဲ့တယ်လို့ လို့ ကဗျာဆရာ ယဉ်ဝယ်ထက်က ပြောပါတယ်။
ကဗျာဆရာကေဇဝင်း အောက်မေ့ဖွယ် ကဗျာရွတ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ရှမ်းမြောက်တို့မှာ မတ်လ ၃ ရက်မှာ အသီးသီးကျင်းပခဲ့ကြတာပါ။
ရှမ်းမြောက်မှာပြုလုပ်တဲ့ အောက်မေ့ဖွယ် အခမ်းအနားကိုတော့ အဖွင့်အမှာစကား ပြောကြားတာ၊ အခမ်းအနားကို ပေးပို့လာတဲ့ သဝဏ်လွှာ ဖတ်ကြားတာတွေ၊ တက်ရောက်လာသူတွေကို ဗလကသအဖွဲ့ဝင်တွေက ကျေးဇူးတင်စကား ပြောကြားတာ၊ ဗလကသရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာတွေနဲ့ ကဗျာဆရာကေဇဝင်း အမှတ်တရ တီရှပ်ဝေတာတွေ ပြုလုပ်ခဲ့တယ်လို့ ကဗျာဆရာ ယဉ်ဝယ်ထက်က ပြောပါတယ်။
အဲ့ဒီအခမ်းအနားကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူ ၅၀ ကျော်တက်ရောက်ခဲ့ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ Justice Soldiers PDFတို့က သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
တရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း “ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ၊ ရှေ့တိုးပြီး ခုတ်မှရမယ်”ဆိုတဲ့ ကိုကေဇဝင်းရဲ့ ကဗျာစာသားနဲ့ ကဗျာရွတ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာ ကျင်းပတဲ့ အခမ်းအနားကို ကဗျာဆရာတွေနဲ့ ဒေသခံ ကဗျာချစ်သူတွေ တက်ရောက်ခဲ့ပြီး ကိုကေဇဝင်းရဲ့ ကိုယ်ရေးအကျဉ်းနဲ့ ကဗျာစာသားတွေပါတဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကဗျာဆရာ ကေဇဝင်းဟာ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းရွာဇာတိဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မုံရွာမြို့၊ ဘုရားနီလမ်းမှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်မှောက်နေစဉ်မှာ စစ်ကော်မရှင်တပ်ရဲ့ သတ်ဖြတ်မှုခံခဲ့ရတာပါ။
စာတည်း – လင်း၊ တည်းဖြတ် – M