မြေလတ်အသံ၊ ဒီဇင်ဘာ ၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တို့ ဒီဇင်ဘာ ၇ ရက်နေ့လယ် ၂ နာရီကျော်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက ပြောပါတယ်။
မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင်တချို့ သတင်းထောက်လှမ်းဖို့ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းရွာ ဆည်ဘောင်အနီးကိုလာချိန် ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်နဲ့တိုက်ပွဲဖြစ်ခဲ့တာပါ။
“စ၂ ကောင်ကင်းပုန်းဝပ်တာတွေ့လို့ အနီးကပ်ပစ်သတ်လိုက်တယ်။ အဲ့မှာကျန်တဲ့ စတွေလည်း ပုန်းနေရာကပေါ်လာပြီး လက်နက်ကြီးနဲ့ပစ်တော့ ရဲဘော် ၁ ယောက်လက်ကို ထိသွားတာ။ မနေ့ည (ဒီဇင်ဘာ ၇) အထိ အလောင်းလာမကောက်ဘူး။ တိုက်ပွဲကမိနစ်ပိုင်းပဲ ကြာတယ်”လို့ မင်းလှမြို့ နယ်ပကဖမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒဏ်ရာရသူဟာ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အသက် ၂၀ ကျော်အရွယ်တပ်ဖွဲ့ဝင် ၁ ဦး ဖြစ်ပြီး သူ့ရဲ့ဘယ်ဖက်လက်ကို လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် လက်ရှိမှာ ဆေးကုသမှုခံနေရကာ တော်လှန်ရေးတပ်ဖွဲ့ဖက်ကလည်း ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၂ လုံး နဲ့ လွယ်အိတ် ၁ လုံး ဆုံးရှုံးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ကွမ်းခြံရွာစစ်တပ်ဂိတ်ကဖြစ်ပြီး အဲ့ဒီဂိတ်စခန်းဟာ တိုက်ပွဲဖြစ်တဲ့မကျီးကွင်းရွာ ဆည်ဘောင်နေရာနဲ့ ၃ မိုင်ကျော် ကွာဝေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်ကလည်းလက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးပြီး ၁၂ ဦးဖမ်းမိကာ လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း