မြေလတ်အသံ၊ ဧပြီ ၄၊ ၂၀၂၆။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း အရပ်သားနေအိမ် ၁၂၅,၃၂၈ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ Data for Myanmar ရဲ့ ဧပြီ ၂ ရက်ထုတ် အစီရင်ခံစာမှာဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းမှာ ၇၈,၈၉၆ အိမ် နဲ့ အများဆုံးမီးလောင်ပျက်စီးခဲ့ပြီး မကွေးတိုင်းမှာ ၁၈,၀၅၉၊ မန္တလေးတိုင်းမှာ ၁၂,၀၆၉၊ ရခိုင်ပြည်နယ်မှာ ၆,၁၉၃၊ ပဲခူးတိုင်းမှာ ၂,၀၀၀၊ ကချင်ပြည်နယ်မှာ ၁,၉၈၅၊ ချင်းပြည်နယ်မှာ ၁,၉၆၃၊ တနင်္သာရီတိုင်းမှာ ၁,၉၅၁၊ ရှမ်းပြည်နယ်မှာ ၈၆၈၊ ကယား (ကရင်နီ)ပြည်နယ်မှာ ၈၃၀၊ မွန်ပြည်နယ်မှာ ၂၄၇၊ ကရင်ပြည်နယ်မှာ ၂၄၆၊ ဧရာဝတီတိုင်းမှာ ၂၀ နဲ့ ရန်ကုန်မှာ ၁ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဒီအချက်အလက်တွေဟာ ၂၀၂၁ မေ ၁ ရက်နေ ၂၀၂၆ ဖေဖော်ဝါရီ ၂၈ ရက်အထိဖြစ်ပြီး အဲ့ဒီထဲက နေအိမ်ပေါင်း ၁၂၁,၄၈၅ လုံးဟာ စစ်ကော်မရှင်တပ်နဲ့ ၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတဲ့အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ ဖေဖော်ဝါရီလအတွင်း တိုင်းနဲ့ပြည်နယ် ၆ ခုရှိ ကျေးရွာပေါင်း ၈၉ ရွာက အရပ်သားနေအိမ် ၄,၇၄၈ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲ့ဒီကာလအတွင်းမှာ မန္တလေးတိုင်းထဲက မြင်းခြံနဲ့ နွားထိုးကြီး၊ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ မကွေးတိုင်းထဲက ပခုက္ကူနဲ့ ရေစကြို၊ တနင်္သာရီတိုင်းထဲက ပုလောမြို့နယ်တွေမှာ နေအိမ်ရာနဲ့ချီပျက်စီးဆုံးရှုံးခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။
စစ်အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း စစ်ကော်မရှင်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာခဲ့ပြီး စစ်ကော်မရှင်တပ်တွေဘက်က စစ်ကြောင်းထိုးမီးရှို့တာတွေရှိသလို တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ပြည်သူ့စစ် (ပျူစောထီး) အားကောင်းတဲ့ကျေးရွာတွေကို တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။