မကွေး၊ ဇွန် ၁၄၊ ၂၀၂၃။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်သား၊ ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ဇွန်လ ၁၃ ရက် မနေ့ညနေပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ နှစ်ဖက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင်မြို့နယ်ဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင်မြို့နယ် အပါအဝင် ပူးပေါင်းအဖွဲ့တွေဟာ သရက်ကွရွာရှိ စစ်အုပ်စုခန်းကို မနေ့ညနေ ၄ နာရီ ၄၀ မိနစ်လောက်က စတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပါတယ်။
“ကျနော်တို့ အဖွဲ့ ၇ ဖွဲ့လောက် အကုန်ဝင်ပစ်တာ၊ ဒရုန်း ၆ စီးနဲ့ ဗုံး ၂၀ ကျော်ချ တိုက်ခိုက်ခဲ့တယ်၊ မြိုင်မြို့အရှေ့ဘက် စီမံကိန်းရုံးထဲက စစ်သားတွေက လက်နက်ကြီးနဲ့ပစ်လို့ ပြန်ဆုတ်ခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်ချိန်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်က အသက် ၂၅ နှစ်အရွယ် ရဲဘော် ကျောင်းဆရာ ဆိုသူ သေဆုံးခဲ့ပြီး၊ စစ်ကောင်စီဘက်ကလည်း ၁၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ပျူရော **ရော ၁၁ ကောင်သေပြီး ၃ ကောင်ဒဏ်ရာရတယ်၊ ကျနော်တို့ဘက်ကလည်း ရဲဘော်တဦးသေပြီး တဦးက လက်မောင်းဖောက်မှန်ပြီး မစိုးရိမ်ရဘူး၊ အခုကုနေတယ်၊ ရဲဘော်ရဲ့ နာရေးကတော့ မပြီးသေးဘူး” ဗိုလ်လက်ယာက ဆက်ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေနဲ့ ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်၊ မြိုင်ပကဖ ရင်း (၁) ခွဲ (၃) စိတ် (၂) (၄)၊ ဝံပုလွေအဖွဲ့၊ GOE အဖွဲ့၊ အညာမြေအဖွဲ့၊ ဓါးမင်းကြီးအဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၁၃ နဲ့ MVP အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သရက်ကွရဲစခန်းမှာ စစ်သားနဲ့ ပျူစောထီး အင်အား ၅၀ လောက်တပ်စွဲနေပြီး စစ်သားတွေကတော့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – လင်း