မြေလတ်အသံ၊ မေ ၄၊၂၀၂၅။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကမြို့နယ်တွေကို မေ ၃ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေရှိပြီး အဆောက်အဦ ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မေ ၃ ရက်နေ့လယ် ၃ နာရီကျော်မှာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ အလက (ခွဲ) စာသင်ကျောင်းကို ဗုံးသီး ၂ လုံးကြဲချခဲ့ရာ အသက် ၂၅ နှစ်အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၁၈၊ ၃၀၊ ၅၀ ကျော်အရွယ် အမျိုးသမီး ၃ ဦးနဲ့ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


“ဒဏ်ရာရအမျိုးသားနဲ့ သေဆုံးအမျိုးသမီးက သားဖတော်တယ်ဗျ။ ၁၈ နှစ်ကောင်မလေးနဲ့ ၃၀ အရွယ်အမျိုးသမီးက အဲ့ရွာ (ရွာတန်းရှည်) က။ လက်ထိတဲ့ ၅၀ ကျော်အမျိုးသမီးက မတ္တရာက စစ်ရှောင်ဗျ။ သူတို့တွေက စာသင်ကျောင်းမှာ ဘာမှမလုပ်ဘူး။ ဒီအတိုင်းထိုင်နေရင်းနဲ့ ကြဲခံလိုက်ရတာဗျ။ ရာသီဥတုပူတော့ ထိုင်ကြတာပေါ့”လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။


ဗုံးကြဲခံရမှုကြောင့် အလက(ခွဲ)စာသင်ကျောင်းဆောင် ပြိုကျပျက်စီးခဲ့သလို နွား ၁ ကောင်သေဆုံးကာ နောက်ထပ် နွား ၃ ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အလားတူ မေ ၃ ရက်မနက် ၉ နာရီကျော်မှာ မိုးကုတ်မြို့ပေါ်ရှိ ကသဲရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးသီး ၁ လုံးကြဲချခဲ့ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး နောက်ထပ်အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။


မတ္တရာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာစာသင်ကျောင်းနဲ့ မိုးကုတ်မြို့ပေါ်ရှိ ကသဲဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ဆေးရုံ နဲ့ စာသင်ကျောင်း အဆောက်အဦတို့ကို စစ်ကောင်စီတပ်က မေ ၃ ရက်ည ၉ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းကထုတ်ပြန်ပါတယ်။


တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ချောင်းနားကျေးရွာ ဆေးရုံ နဲ့ စစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့ ဥက္ကံကျေးရွာစာသင်ကျောင်းတို့ကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာလို့ဆိုပါတယ်။
“ဆေးရုံကို ၁ လုံး၊ စာသင်ကျောင်းကို ၁ လုံးချသွားတာ။ ဆေးရုံကတော့ လုံးလုံးပျက်စီးသွားတယ်။လူမနေတော့ အထိအခိုက်မရှိခဲ့။ စာသင်ကျောင်းကိုချတဲ့အခါမှာ အဝင်ဝမှာကျသွားတယ်။ အဲတာမို့ အထိအခိုက်နည်းခဲ့တာ”လို့ ကောင်လင်းမြို့နယ်ခံအမျိုးသားတဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးမှာ ဥက္ကံစာသင်ကျောင်းမှာ စစ်ရှောင်နေတဲ့ စိုင်ဒူးကျေးရွာမှ ဦးဇော်ထွန်း ၃၅ နှစ်နဲ့ ၁၀ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးတို့ဖြစ်ကြပါတယ်။
ဗုံးကြဲခံရတဲ့ ဆေးရုံနဲ့ စာသင်ကျောင်းတို့မှာ ချောင်းတခုသာခြားနားတာကြောင့် လေယာဥ်က တချိန်တည်းမှာ နေရာ ၂ ခုကို တပြိုင် နက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁၁ ရက်နေ့မှာလည်း ကောလင်းမြို့နယ်၊ တောင်ဘို့လှအုပ်စု လျှော်ဖြူကုန်းရွာကို တိုက်ခိုက်ရေးလေယာဥ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာမှာစစ်ရှောင်နေတဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း