ပေါက်၊ ဇွန် ၂၅၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်အပါ ၅ ဦးသေဆုံးခဲ့တယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။
ဇွန် ၂၃ ရက်မနက် ၈ နာရီလောက်မှာ ပေါက်မြို့နယ်ထဲကကျေးရွာကို စစ်ကောင်စီတပ်ရဲ့ Y12 လေယာဥ်နဲ့ အနည်းဆုံး ၁၀ ကြိမ်၊ ဗုံး ၃၅ လုံးထပ်မနည်းကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။



“ဒီနောက်ပိုင်းမှာ ကျနော်တို့ကြားသိရတာကတော့ ပေါက်မြို့နယ်ရဲ့ လူစုလူဝေးရှိတဲ့နေရာကို စစ်ကောင်စီကပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ၊ သတင်းအချက်အလက်တွေလည်း သူတို့ဘက်က ရရှိသွားတာတွေလည်းရှိပုံရတယ်၊” လို့ ပေါက်မြို့နယ်ဒေသခံတဦးကပြောပါတယ်။
ဘို့မယ်၊ တစူး၊ ကျောက်ခွက်၊ သက္ကယ်ကျင်း၊ ကင်းမ စတဲ့ကျေးရွာတွေကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ကြတာပါ။



သက္ကယ်ကျင်းရွာက အမျိုးသား ၁ ဦး၊ အသက် ၅၇ အရွယ်ဒေါ်မြို့တင်၊ ၅၅ နှစ်အရွယ် ဦးခင်မောင်ညွန့်၊ တုတ်စုရွာကိုရောက်နေတဲ့ သက္ကယ်ကျင်းရွာသား ၃၈ နှစ်အရွယ် ဦးကျော်သူထွေး၊ အသက် ၄၀ အရွယ် ပေါက်မြို့နယ် ပလဖ ဒုတာဝန်ခံနဲ့ ဇနီးဖြစ်သူတို့ စုစုပေါင်း ၆ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲမှုကြောင့် သက္ကယ်ကျင်းရွာက အိမ် ၁ လုံး၊ အုတ်ကန်ဝိုင်း ၂ လုံး၊ ဆိုလာပြား ၁ ချပ်၊ သွပ်ဒယ် ၁ လုံးပျက်စီးပြီး ခိုင်းနွား ၁ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သက္ကယ်ကျင်းရွာက အသက် ၁၅ နှစ်အရွယ် မဇွန်မိုးသူ မျက်စိထိခိုက်၊ အသက် ၅၁ နှစ် အရွယ် ဒေါ်ခင်လှဆန်းခြေထောက်ထိခိုက်ဒဏ်ရာအပါအဝင် ဗုံးကြဲခံရတဲ့ရွာတွေက ဒေသခံစုစုပေါင်း ၁၀ ဦးကျော် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဇွန် ၂၅ ရက်ဒီမနက်ပိုင်းမှာလည်း ပေါက်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲခဲ့ပြီး သေဆုံးထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။


“ဒီကနေ့ကတော့ ပေါက်မြို့နယ်ထဲကို ၅ လပိုင်း ၂၇ ရက်ကတည်းကရောက်နေတဲ့ စစ်ကြောင်းကရှိတော့ လေယာဉ်တွေ ဝဲနေတာတော့ရှိတယ်၊ Y12 နဲ့ လာကြဲသွားတယ်၊ မုံရွာဘက်ကတက်လာတဲ့ Y12 နဲ့ ချသွားတာက ၆ ကြိမ်လောက်ရှိပြီ၊ ဒီနေ့အတိုင်းအတာမှာ ထိခိုက်သေဆုံးတော့ မသိရသေးဘူး”လို့ သူက ဆက်ပြောပါတယ်။



ခုလိုတိုက်ခိုက်မှုတွေကြောင့် ဘို့မယ်ရွာ၊ သက္ကယ်ကျင်းရွာ၊ တစူးရွာ၊ လက်ပံလှရွာ၊ လယ်ယာရွာ၊ ဘိုကုန်းရွာ၊ ကင်းမရွာ၊ ခင်ရှည်ရွာ၊ ကျောက်ခွက်ရွာ တို့ကဒေသခံ ၆,၀၀၀ လောက် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း