မြေလတ်အသံ၊ မေ ၂၁၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ပျက်ကျခဲ့တဲ့ စစ်ကောင်စီတပ်သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဟာ စက်ချို့ယွင်းတာကြောင့်လို့ စစ်ကောင်စီတပ်က မေ ၂၀ ရက် ယမန်နေ့ညပိုင်းမှာ ၎င်းတို့သတင်းထုတ်ပြန်ရေးမီဒီယာတွေကတဆင့် ထုတ်ပြန်လာပါတယ်။
မေ ၂၀ ရက် နေ့လယ်ပိုင်းမှာ ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာစဉ် မြို့အနောက်တောင်ဘက် မီတာ ၁၄,၀၀၀ ခန့်အကွာအရောက်မှာ ရုတ်တရက်စက်ချို့ယွင်းပြီး မတော်တဆပျက်ကျခဲ့တာလို့ ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ က ဗန်းမော်အခြေစိုက် စကခ ၂၁ ကိုလာတဲ့ စစ်ကောင်စီတပ်ထောက်ပို့ရဟတ်ယာဉ် ၃ စီးတွဲမှာ ၂ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက ဗန်းမော်မြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းအနီးမှာ ပစ်ခတ်နိုင်ခဲ့ပြီး ၁ စီး မှာ မီးလောင်ပြီးနောက် ရွှေကူမြို့နယ်တောတောင်အတွင်းကို ပျက်ကျသွားခဲ့တာလို့ ပြောပါတယ်။
ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာဟာ KIA တပ်ရင်း ၅ နယ်မြေဖြစ်ပြီး ယမန်နေ့ညပိုင်းက လူမှုကွန်ယက်မှာပြန့်နှံ့လာတဲ့ရုပ်သံအရ ရဟတ်ယာဉ်မီးလောင်ပျက်ကျတဲ့နေရာအနီးမှာ မျိုးထက်အောင် အမည်ရှိ ဗိုလ်ကြီးအဆင့် ရဟတ်ယာဉ်မှူး ၁ ဦးသေဆုံးနေတာကိုလည်း တွေ့မြင်ရပါတယ်။
စစ်ကောင်စီအနေနဲ့ ယခင်က ရဟတ်ယာဉ်၊လေယာဉ်တွေ စက်ချို့ယွင်းပျက်ကျမှုဖြစ်စဉ်ဖြစ်ပွားပါက ကြားဖြတ်သတင်းနဲ့ချက်ချင်းထုတ်ပြန်လေ့ရှိပေမယ့် ယခုဖြစ်စဥ်မှာတော့ ရဟတ်ယာဉ်ပျက်ကျနေရာက ရုပ်သံပြန့်နှံ့လာပြီး စစ်တပ်ထောက်ခံသူတွေအကြား ဝေဖန်မှုတွေမြင့်တက်လာပြီးနောက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာပါ။
အဆိုပါ စစ်ကောင်စီရဟတ်ယာဉ်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ပါနိုင်ပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ က ပြောဆိုထားကာ သေဆုံးသူတွေအနက် ဗျူဟာမှူးပါဝင်တယ်ဆိုတာကိုတော့ သူ့အနေနဲ့အတည်မပြုကြောင်း ပြောပါတယ်။