မြေလတ်အသံ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။
အမေရိကန်နိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက် နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက်တခု ရှိနေနိုင်တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁၈ ရက် မနေ့ညပိုင်းက စစ်ကော်မရှင်ထိန်းချုပ်မီဒီယာတွေကတဆင့် ထုတ်လွှင့်လာတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) တွေကို နှိမ်နင်းနေတယ်ဆိုတာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်မှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားကာ အွန်လိုင်းကနေငွေလိမ်လည်နေမှုတွေကို တိုက်ဖျက်ဖို့ Scam Center Strike Force တပ်ဖွဲ့ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ဗိုလ်ချုပ် ဇော်မင်းထွန်း က အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။