စစ်ကိုင်း၊ မတ် ၈၊ ၂၀၂၃။
စစ်ကိုင်းမြို့၊ ဧရာဝတီတံတားပေါ်က ခုန်ချတဲ့ သံဃာတော်တစ်ပါးရဲ့ ရုပ်အလောင်းကို ဧရာဝတီမြစ်လယ်မှာ ယနေ့ မတ်လ ၈ ရက် ဒီနေ့မနက် ၈ နာရီခွဲလောက်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပျံလွန်တော်မူသွားတဲ့ သံဃာတော်ရဲ့ ဘွဲ့၊ သက်တော်ဝါတော်နဲ့ သီတင်းသုံးတဲ့ကျောင်းတိုက်အမည်တွေကိုတော့ မသိရှိရသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
“လက်ရှိက ပိုင်ရှင်မဲ့ဖြစ်နေတယ်။ ရတနာပုံတံတားရဲ့ရေမိုင် ၅ မိုင်အကွာလောက်မှာ စစ်ကိုင်းအပိုင် မြစ်လယ်မှာ ပေါလောပေါ်နေတာကို ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို ရေထဲက ဆွဲလာတာကို တွေ့ရတယ်” လို့ ပြောပါတယ်။
မနက် ၉ နာရီခွဲလောက်မှာ အလောင်းကို ကမ်းပေါ်အရောက် သယ်ယူနိုင်ခဲ့ပြီး အလောင်းကို အိတ်ထဲထည့်ကာ သုခကာရီလူမှုကူညီရေးအသင်းကားနဲ့ စစ်ကိုင်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
သံဃာတော်ဟာ မတ်လ ၅ ရက်ညနေ ၄ နာရီလောက်က ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းက ခုန်ချသွားတာဖြစ်ပြီး ဒေသခံလူမှုကယ်ဆယ်ရေးအသင်းတွေက ဆယ်ယူခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့ညနေမှာပဲ စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက် ဝါဆိုကျောင်းက ကိုရင် ၃ ပါး ဧရာဝတီမြစ်အတွင်း ရေကစားရာက အသက် ၁၂ အရွယ် ကိုရင်တပါး ရေနစ်ကာ ပျံတော်မူခဲ့ရပါသေးတယ်။
စာတည်း – 007