ပခုက္ကူ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကနေ ပေါက်မြို့နဲ့ မြိုင်မြို့နယ်အစပ်ကို ဗုံးလာကြဲတဲ့ စက်တပ်လေထီး(Paramotor) ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ မြိုင် ပကဖ ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲလောက်မှာ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကနေ ပေါက်မြို့နဲ့ မြိုင်မြို့နယ်အစပ်ကို ဗုံးလာကြဲတဲ့ စက်တပ်လေထီး (Paramotor) ၁ စီးကို ပစ်ချနိုင်ခဲ့ပြီး ယာဉ်ပေါ်ပါ စစ်ကော်မရှင်တပ်သား၂ ဦးကို တော်လှန်ရေးတပ်တွေက လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ စစ်ကြောင်းရှိတဲ့နေရာကို စက်တပ်လေထီးနဲ့ ဗုံးလာကြဲတာ။ ကျနော်တို့ မြေပြင်ကနေ ပေါက် ပကဖ၊ မြိုင် ပကဖ၊ MGY စုဖွဲ့မှု တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းကိုစောင့်နေကြတာ။ အောက်ကနေ ကျနော်တို့ လှမ်းပစ်တာ၊ စက်တပ်လေထီး ပျက်ကျသွားတယ်၊ ပျက်ကျတဲ့အထဲမှာ ၂ ကောင်တော့ပါတယ်၊ အဲဒီ ၂ ကောင်တော့ မမိသေးဘူး၊ လိုက်ရှာနေတုန်းရှိသေးတယ်၊ ပွိုင့် 5 နဲ့ ငါးကျင်းမြီးတွေနဲ့ ဝိုင်းပစ်ခတ်ခဲ့တာ။”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ မြိုင်မြို့နယ် ပကဖ ၊ပေါက်မြို့နယ် ပကဖနဲ့ MGY စုဖွဲ့မှုတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
တည်းဖြတ် – HP















