နွားထိုးကြီး၊ ဩဂုတ် ၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကနားကျေးရွာနဲ့ ပြင်စည်ကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို တိုက်ခိုက်ရာ သေဆုံးသူတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးစီးနင်းလိုက်ပါလာတဲ့ကားကို သြဂုတ် ၅ ရက်ညနေ ၃ နာရီ ၁၂ မိနစ်လေက် မှာ တော်လှန်ရေးတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၂ ဦးကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“ကားပေါ်မှာ ၅ ဦးပါတာ၊ ကားအမျိုးအစားကတော့ အတည်အကျမပြောတတ်ဘူး၊ အိမ်စီးကားနဲ့ လာတာ၊ ဘယ်တပ်က ဘာတာဝန်တွေတော့ ကျနော်တို့စုံစမ်းနေတုန်းပါ၊ ၃ ဦးကတော့ အသေ၊ ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်”လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီကားပေါ်က M79 ၁ လက်၊ MA 3 ၃ လက်၊ 5.56 ကျည် ၂၁၅ တောင့်၊ ၄၀ မမ ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက် ၅ ခု တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နဲ့ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်း ပြင်စည်ကျေးရွာကနေမှ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးဝင်တာတွေလုပ်သလို ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဩဂုတ် ၅ ရက်မနက် ၃ နာရီခွဲလောက်မှာလည်း အရာခံဗိုလ်ဦးစီး အင်အား ၁၄ ဦးရှိနေတဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ တလင်းကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၉ အနီးရှိ တလင်းကုန်းတံတားစောင့်ရဲကင်းကို Meiktila Revolution Group ကတိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း