■ ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံအလေးမပြု၊ နိုင်ငံတော်သီချင်းမဆိုတာတွေကိုတွေ့ရပြီး တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေတယ်လို့ ဆို
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၆။
နိုင်ငံ့လူဦးရေရဲ့အများစုဟာ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ဆောင်ရွက်နိုင်မှုမရှိတဲ့အတွက် ဆင်းရဲမွဲတေမှုများနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ယမန်နေ့က နေပြည်တော်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးတွေကို စစ်ခေါင်းဆောင်က Video Conferencing နဲ့ ပြောကြားမှုမှာ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ပြောကြားရာမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။
” နိုင်ငံ့လူဦးရေရဲ့အများစုဟာ မိမိတို့ကိုယ်ကိုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှုမရှိတဲ့အတွက် ဆင်းရဲမွဲတေမှုလည်း များပြားကြောင်း၊ ဆင်းရဲမွဲတေမှုများရှိနေသမျှကာလပတ်လုံး ပုဂ္ဂိုလ်ရေးခံစားချက်များရှိပြီး မနာလိုခြင်း၊ မကျေနပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း” ဆိုကာ ပြောပါတယ်။

နိုင်ငံရဲ့သမိုင်းကြောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံမတည်ငြိမ်မှုဖြစ်စဥ်တွေဟာ ပညာရေးဆိုင်ရာ အားနည်းချက်ကြောင့်ဖြစ်တာကို တွေ့ရှိရတယ်လို့လည်း သူက ဆိုပါတယ်။
“ပညာရေးကဏ္ဍမြှင့်တင်ရေးကို မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများမှ စတင်၍ နိုင်ငံတော်အလံ အလေးပြုခြင်းများကို နေ့စဥ်ဆောင်ရွက်ရခြင်းအားဖြင့် နိုင်ငံချစ်စိတ်များဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊ အဲ့ဒီလိုမဆောင်ရွက်ရသူများအနေဖြင့် နိုင်ငံချစ်စိတ် တစထက်တစလျော့နည်းလာမှာဖြစ်ကြောင်း၊ ဒ့ါကြောင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းနေစေရေး နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း” ဆိုကာ ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံမတည်ငြိမ်မှုတွေဟာ ပညာရေးအားနည်းတာကြောင့် ဆိုကာ မကြာခဏပြစ်တင်ဝေဖန်လေ့ရှိတာပါ။

ဒါ့အပြင် ရုပ်ရှင်ရုံတချို့မှာ နိုင်ငံတော်အလံကို အလေးမပြုတာ၊ နိုင်ငံတော်သီချင်းသီဆိုမှုမရှိတာတွေ သိရှိရပြီး အဲ့ဒီအပြုအမှုတွေကတဆင့် တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေတာကို တွေ့ရတယ်လို့ ပြောဆိုပါတယ်။
” နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်ရဲ့ဖြစ်တည်မှု၊ ပထဝီဝင်အနေအထားနဲ့ အမျိုးသားရေးစရိုက်လက္ခဏာများ နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွဋ်အမြတ်ထားရမှာများကို လေးစားတန်ဖိုးထား ချစ်မြတ်နိုးကြရန်လိုကြောင်း၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများမှာ ဖော်ပြချက်များအရ အချို့ရုပ်ရှင်ရုံများမှာ နိုင်ငံတော်အလံကိုပင်အလေးမပြုကြသူများနဲ့ နိုင်ငံတော်သီချင်းသီဆိုခြင်းမရှိကြသည်ကို စိတ်မကောင်းဖြစ်ဖွယ်သိရှိရကြောင်း၊ အဲ့ဒီလိုအပြုအမှုများကို ကြည့်ခြင်းအားဖြင့် နိုင်ငံသားတိုင်းအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်အားနည်းနေတာကို တွေ့ရကြောင်း” လို့ ပြောပါတယ်။