ဒီပဲယင်း၊ သြဂုတ် ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါးအပါအဝင် ၁၁ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းဆောင်လည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၁၈ ရက် နေ့လယ် ၁ နာရီခွဲကျော်မှာ ဂျက်ဖိုက်တာနဲ့ မူးကမ်းကြီးရွာ၊ မိုးကောင်းဘုန်းကြီးကျောင်းကို ဗုံး ၁ လုံးကြဲချခဲ့တာကြောင့် သံဃာတော် ၁ ပါး၊ ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ဆေးကုသစဉ် သေဆုံးသူတွေ အပါအဝင် စုစုပေါင်း ၁၁ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။


“ဗုံးတလုံးကြဲချပြီး စက်လက်နက်နဲ့ ဝှေ့ယမ်းသွားတယ်။ ဘုန်းကြီးကျောင်းပေါ်ကို တည့်တည့်ကျတာဗျ။ ဒဏ်ရာရသူတွေလဲ ရှိတယ်။ ဘုန်းကြီးကျောင်းကတော့ ရစရာမရှိဘူး အကုန်ပျက်စီးသွားတယ်။ သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကိုတော့ အခုထိ အတည်မပြုနိုင်သေးဘူး။”လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
လေကြောင်းသုံး ဗုံးကြဲချတဲ့အပြင် စက်လက်နက်နဲ့ပါပစ်ခတ်သွားတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပြီး သူတို့ကိုတော့ လိုအပ်တဲ့ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။


” ကျောင်းထဲမှာ ဖြစ်ဖြစ်ချင်း သေတာ ၃ ဦး၊ ဆေးကုချိန် သေတာ ၂ ဦး။ဆေးခန်းရောက်တဲ့အချိန် သေဆုံး၊ ဦးနှောက်ထွက်သွားတာ။ အသဲသန်လူနာတွေအများကြီး”လို့ မြေပြင်မှာရှိနေသူတဦးက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ ထိခိုက်မှု ပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာရှိပြီး သေဆုံးသူဦးရေထပ်တိုးနိုင်တယ်လို့လည်း သိရပါတယ်။


ဒေသခံတွေရဲ့ ပြောကြားချက်အရ အစည်းအဝေးပြုလုပ်နေချိန် ဗုံးကြဲခံရတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်း ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ဒေသခံတွေလည်း ဘေးလွတ်ရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။


ဒါ့အပြင် ဩဂုတ် ၁၈ ရက် ဒီမနက် ၁၀ နာရီလောက်မှာလည်း ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲချတာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံပျက်စီးခဲ့ပြီး သက်တော် ၇၀ အရွယ်သံဃာ ၁ ပါး နဲ့ အမျိုးသား ၁ ဦး၊ ၁၀ နှစ်အရွယ် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်း