မန္တလေး၊ မေ ၉၊ ၂၀၂၃။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဂက်စ်ပိုက်လိုင်း ထိန်းချုပ်ရုံကို Natogyi Guerrilla Force (NGF)အဖွဲ့က မေလ ၇ ရက် ည ၈ နာရီမှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ NGFအဖွဲ့ရဲ့တာဝန်ခံ ဗိုလ်ဇေယျာက မြေလတ်အသံကို ပြောပါတယ်။
နွားထိုးကြီးမြို့ရဲ့ အရှေ့ဘက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ တရုတ်ဂက်စ်ပိုက်လိုင်းရုံကို လက်နက်ကြီး ၆၀ မမ ၃ လုံးနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ခဲ့ပါတယ်။
“ကိုက် ၃၀၀ လောက်ထိ သွားပစ်ခဲ့တာ။ ၅ မိနစ်လောက်ပဲ ကြာမယ်။ စစ်သား ၂ ယောက်သေတယ်။ ၅ ယောက် ဒဏ်ရာရတယ်” လို့ ဗိုလ်ဇေယျာက ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ ဖက်ဆစ်အကြမ်းဖက် စစ်တပ်ကိုထောက်ခံနေမယ်၊ စစ်ရာဇဝတ်ကောင် လူသတ်သမားတွေကို အားပေးနေမယ်ဆိုရင်တော့ တရုတ်အစိုးရကိုယ်တိုင် အကြမ်းဖက်မှုတွေရဲ့ကြံရာပါ လူသတ်အားပေး ဖြစ်ပါလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်မနက် ၁၀ နာရီလောက်မှာလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာ နွားထိုးကြီး-မြင်းခြံလမ်းပိုင်းမှာ အင်အား ၂၀ လောက်နဲ့ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း – လင်းဇေ