မြေလတ်အသံ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၅။
စစ်ကော်မရှင်တပ်ရဲ့မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် (တမခ ၈၈)ရဲ့ တပ်မမှူး ဗိုလ်မှူးကြီး မြင့်ဟိဏ်းကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ပေးအပ်ကြောင်း ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်ထုတ် စစ်ကော်မရှင်ထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ရှမ်းမြောက်ဒေသ နောင်ချိုမြို့တိုက်ပွဲကို တိုက်ခိုက်ခဲ့တဲ့ တပ်မ ၁၁ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မြင့်ဟိဏ်းကို စစ်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ဆုံးပတ်အတွင်း တပ်မ ၈၈ တပ်မမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပြီးတဲ့နောက် စွမ်းရည်တံဆိပ်ပါ ထပ်မံပေးအပ်ခဲ့တာပါ။
နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်ဖွဲ့တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့ချိန် ပြီးခဲ့တဲ့ဇူလိုင်လအတွင်း တပ်မ ၁၁ ဒုတိယတပ်မမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး မြင့်ဟိဏ်းက မြို့ခံတချို့ကိုလိုက်လံတွေ့ဆုံပြီး ထမင်းဘူးတွေပေးတာနဲ့ ဝါဒဖြန့်စည်းရုံးပြောဆိုတာတွေလုပ်ဆောင်ခဲ့ကာ အဲ့ဒီရုပ်သံဖိုင်တွေလည်း လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့တာပါ။


နောင်ချိုမြို့ကို ပြီးခဲ့တဲ့ဧပြီလမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်အရှိန်မြှင့်တင်ခဲ့ပြီး ဇူလိုင်လအတွင်းမှာ မြို့တွင်းကနေ တော်လှန်ရေးတပ်တွေပြန်လည်ဆုတ်ခွာပေးလိုက်ရပြီးတဲ့နောက် စစ်ကော်မရှင်တပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
” ခုရောက်တဲ့ တပ်မမှူးက (နောင်ချိုမှာ) သံချပ်ကာနဲ့ကိုယ်တိုင်တိုက်ခဲ့တယ်လို့ ပြောနေကြတာပဲ။ ဟုတ်၊ မဟုတ်တော့မသိဘူး” လို့ မကွေးတပ်မ ၈၈ တပ်မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။


ဗိုလ်မှူးကြီး မြင့်ဟိဏ်း ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် တပ်မ ၈၈ရဲ့ ၄ ဦးမြောက် တပ်မမှူးဖြစ်ပြီး ယခင်တပ်မမှူးတွေအနက် ဗိုလ်မှူးချုပ် မင်းထွဋ်ဦး မှာ ဗန်းမော်တိုက်ပွဲမှာ သေဆုံးခဲ့ကာ၊ ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်း က ရာထူးကဖြုတ်ချခံခဲ့ရပြီး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး ကတော့ လက်ရှိ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံထားရတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်က စွမ်းရည်ဘွဲ့တံဆိပ်ပေးတာမှာ နေပြည်တော်စစ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ခိုလမ် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ် အပါ ဗိုလ်ချုပ် ၅ ဦးနဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါတိုက်ပွဲတွေမှာ ပါဝင်တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော်ပါဝင်ကြောင်းထုတ်ပြန်ထားပါတယ်။


