အုတ်တွင်း၊ မေ ၁၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင် ၂ ဦး စစ်ကောင်စီထံဖမ်းဆီးခံထားရပြီး ၁ ဦးအသတ်ခံခဲ့ရကာ ဆက်လက်ဖမ်းဆီးထားတဲ့ PDF ရဲ့ ဖုန်းကနေတခြားတော်လှန်ရေးအဖွဲ့တွေထံ ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် ၃၈၀၁ အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ခွဲမှူး မိုးကြိုးလေးနဲ့ တပ်ဖွဲ့ဝင် စုတ်ဖွားတို့ဖြစ်ပြီး မေ ၉ ရက်မှာ အဆိုပါလမ်းပိုင်းအတိုင်း ဆိုင်ကယ်နဲ့သွားစဥ် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ ဆိုပါတယ်။
” တပ်ခွဲမှူးမိုးကြိုးလေးနဲ့အတူအဖမ်းခံရတဲ့ ရဲဘော် စုတ်ဖွားကတော့အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ အဖမ်းခံရတဲ့နေ့ကတည်းက အသတ်ခံရတယ်လို့ကြားရတာပါ”လို့ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရပြီး အဆိုပါနေ့ ညပိုင်းမှာပဲ ဖမ်းဆီးခံထားရတဲ့ တပ်ခွဲမှူး မိုးကြိုးလေးရဲ့ မိုလ်ဘိုင်းဖုန်းနဲ့ အမှတ် ၁ တပ်ရင်း ၃၈၀၁၊ တပ်ရင်းမှူး ထံ စစ်ကောင်စီက ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။
” တပ်ရင်းမှူးကို (တပ်ခွဲမှူး မိုးကြိုးလေးဖုန်းနဲ့) စကစ ကနေပြီး ဖုန်းဆက်လာတယ်။ ကျနော်မိုးကြိုးလေးပါတဲ့၊ မိုးကြိုးလေး ပုံစံမျိုးနဲ့ဆက်လာတာ။ တပ်ရင်းမှူးက မဟုတ်မှန်းလည်းသိရော အဲ့ကောင်တွေက ဆဲဆိုစိန်ခေါ်ပြီးဖုန်းချသွားတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။
လက်ရှိမှာ တပ်ခွဲမှူး မိုးကြိုးလေးကို စစ်ကောင်စီတပ်ရဲ့ ကြက်မနက် ကြက်လျှာတာဝါတိုင်စခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားရဆဲဖြစ်ပြီး တပ်ခွဲမှူးမိုးကြိုးလေးနဲ့ ချိတ်ဆက်မှုရှိထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပြည်သူတွေအနေနဲ့ ၎င်းရဲ့ဖုန်းမှဆက်သွယ်လာပါက တပ်ခွဲမှူး မိုးကြိုးလေး မဟုတ်ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ က သတိပေးထုတ်ပြန်ထားပါတယ်။
စာတည်း – ဟိန်းစံ