ပဲခူး၊ မေ ၉၊ ၂၀၂၃။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ မေလ ၈ ရက် မနေ့ညက စက်ဘီးနဲ့ကုန်တွဲကား ချိတ်မိရာက စက်ဘီးနင်းသူအမျိုးသား နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ကုန်တွဲကားနဲ့ စက်ဘီးသမားတို့ဟာ ပြည်ဘက်ကနေ တောင်ကုတ်ဘက်ကို လားရာတူမောင်းနင်လာချိန် ည ၈ နာရီခန့်က ဥသျှစ်ပင်မြို့ဆေးရုံရှေ့ အရောက်မှာ တိုက်မိခဲ့တာဖြစ်လို့ အသက် ၅၀ အရွယ် စက်ဘီးနင်းသူအမျိုးသား နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“သေတဲ့သူမှာ ဦးခေါင်းနောက်စေ့ကွဲအက်ဒဏ်ရာရသွားတယ်၊ ပက်လက်လန်ကျပြီး ဦးခေါင်းနဲ့လမ်းနဲ့ ရိုက်မိတဲ့သဘော။ ပွဲချင်းပြီးသေသွားတာ။ ပြီးတော့ စက်ဘီးက ရောင်ပြန်လည်းတပ်မထားဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
အလောင်းကို အေးသုခပရဟိတအသင်းကားနဲ့ ဥသျှစ်ပင်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၄ ရက်ကလည်း ပန်တောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ညောင်ခြေထောက်ကျေးရွာအကျော် ဥသျှစ်ပင်-တောင်ကုတ်လမ်း မိုင်တိုင် ၂၅/၄အနီးမှ ၆ ဘီးကားတစီး ချောက်ထဲထိုးကျလို့ ယာဉ်မောင်းသူဦးအောင်မိုး နေရာမှာပဲသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်းဇေ