ရေစကြို၊ ဧပြီ ၂၇၊ ၂၀၂၆။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငသရော်ကျေးရွာမှာ စစ်ကော်မရှင်တပ်ကဒရုန်းဗုံးကြဲလို့ ၈ နှစ်အရွယ် ကိုရင်အပါအဝင် ၃ ဦးသေဆုံးဆယ်လို့ ရေစကြိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူဆီက သိရပါတယ်။
ဧပြီ ၂၅ ရက် ညနေ ၄ နာရီခန့်မှာ ငသရော်ရွာနဲ့ ၁ မိုင်ကျော်အကွာ မင်းရွာပျူစောထီးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်အဖွဲ့တွေက ဒရုန်းနဲ့ကျေးရွာထဲကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံတွေ ထိခိုက်သေဆုံးတဲ့အပြင် လက်ဖက်ရည်ဆိုင်လည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ရွာမြောက်ဖျားက လက်ဖက်ရည်ဆိုင်ကို ကျတာ။ စတားလင့်လည်းဖွင့်တယ်။ ကလေးတွေက အဲ့မှာလိုင်းသုံးနေကြတာနေမှာ”လို့ ရေစကြိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၈ နှစ်အရွယ် ကိုရင် ၁ ပါး၊ အသက် ၁၅ နှစ်အရွယ် လူငယ် ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး အသက် ၁၅ နှစ်ကနေ ၄၀ ကြား အမျိုးသား ၅ ဦးလည်း ထိခိုက်ဒဏ်ရာရကာ အားလုံးကို နီးစပ်ရာဆေးရုံကိုပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာတဲ့ စက်တပ်လေထီးက ရေစကြိုမြို့နယ်၊ ချင်းယားကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း