မြေလတ်အသံ၊ ဩဂုတ် ၁၊ ၂၀၂၅။
စစ်ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက နိုင်ငံတဝှမ်း တိုင်းဒေသကြီးနဲ့ပြည်နယ် ၉ ခုက ၆၃ မြို့ကို အရေးပေါ်အခြေအနေသတ်မှတ်ကာ စစ်အုပ်ချုပ်ရေးကြေညာတယ်လို့ ဇူလိုင် ၃၁ ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့မြို့နယ်တွေဟာ ကချင်ပြည်နယ်ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျားယန်၊ ဆော့လော်၊ ချီဖွေ၊ ကယားပြည် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း၊ စစ်ကိုင်းတိုင်း ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်၊ မကွေးတိုင်း ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို၊ မန္တလေးတိုင်း မိုးကုတ်၊ စဥ့်ကူး၊ ငါန်းဇွန်၊ ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား ၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ရှမ်းပြည်နယ် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္ဒီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလား စတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
အဲ့ဒီမြို့နယ်တွေထဲကအများစုဟာ ဒေသအလိုက် တိုင်းရင်းသားတပ်ဖွဲ့တွေဖြစ်တဲ့ KIA(ကချင်)၊ MNDAA(ကိုးကန့်)၊ TNLA(တအာဝ်း)၊ AA(အာရက္ခ) တပ်တွေနဲ့ KNDF(ကရင်နီကာကွယ်ရေးတပ်)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်ပြီး မြို့နယ်တွေအလိုက်ရှိ စစ်ကောင်စီတပ်ရင်း/တပ်ဖွဲ့တွေအားလုံးနီးပါး တိုက်ခိုက်သိမ်းပိုက်ခံထားရပါတယ်။
စစ်ကိုင်းနဲ့မကွေးတိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ရင်း/ တပ်ဖွဲ့တချို့ကျန်ရှိနေပေမယ့် မြို့ပေါ် ဧရိယာလောက်ကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး စစ်တပ်နဲ့တိုက်ပွဲမဖြစ်တဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်(မိုင်းလား) NDAA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နဲ့ ” ဝ ” တပ်ဖွဲ့ UWSA ထိန်း ချုပ်ထားတဲ့ ဟိုပန်မြို့ကိုလည်း စစ်အုပ်ချုပ်ရေးစာရင်းမှာ ထည့်သွင်းထားပါ။
အထက်ဖော်ပြပါမြို့တွေကို အရေးပေါ်အခြေအနေအဖြစ်ကြေညာသတ်မှတ်ပြီး စစ်တိုင်းမှူး သို့မဟုတ် စစ်နယ်မြေမှူးတဦးဦးက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်မှာဖြစ်ပြီး ပြစ်မှု ၂၃ မျိုးကိုလည်း စစ်ခုံရုံးနဲ့စစ်ဆေးစီရင်မယ်လို့လည်း ဖော်ပြပါတယ်။