ကြို့ပင်ကောက်၊ မတ် ၁၅၊ ၂၀၂၃။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ မတ်လ ၁၅ ရက် ဒီကနေ့ညနေပိုင်းက အမျိုးသားလူငယ်တဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးခဲ့သူဟာ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းကြီးကျေးရွာမှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုစန်းလင်းဦးဆိုသူဖြစ်ပြီး ဒီကနေ့ညနေ ၃ နာရီဝန်းကျင်လောက်က သူ့ရဲ့နေအိမ်မှာ အခုလို လုပ်ခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
“သူရဲ့တထပ်နေအိမ်ခြေရင်းဘက်က ထုပ်တန်းမှာကြိုးချီပြီးလုပ်သွားတာ၊ ဘယ်သူမှ မသိလိုက်ဘူး။ စီးပွားရေးမပြေလည်လို့ စိတ်ဓါတ်ကျပြီး အခုလိုလုပ်သွားတဲ့ သဘောရှိတယ်။ အရက်သောက်တာမျိုးတော့ မရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို ကြို့ပင်ကောက်ဆေးရုံက ရင်ခွဲရုံကိုပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်ကာ ရုပ်အလောင်းဟာနေအိမ်ကိုပြန်ရောက်နေပြီလို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၁၇ ရက်ကလည်း ကြို့ပင်ကောက်မြို့ဒေသအခေါ် အေးသန်းဝန်းထဲက အမျိုးသားလူငယ်တဦးလည်း သူ့ရဲ့နေအိမ်မှာပဲ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သေးတယ်လို့ ကြို့ပင်ကောက်မြို့ပရဟိတအသင်းရဲ့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။
စာတည်း- ရင်ငြိမ်း