သစ်တောပြုန်းတီးမှုကိုကာကွယ်ဖို့ အရေးယူမှုတွေလုပ်နေ
ဆားလင်းကြီး၊ ဇွန် ၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်အတွင်းမှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဖြစ် ဇွန် ၅ ရက် ဒီမနက်မှာပြုလုပ်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ကျွန်းပင်၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ မယ်ဇယ်၊ မန်ဂျန်ရှား၊ သပြေဘူတ စတဲ့အပင်ပေါင်း ၁၁၅ ပင်ကို စိုက်ပျိုးခဲ့ကြတာလို့ ဆိုပါတယ်။



ဒီစိုက်ပျိုးမှုကို ဆားလင်းကြီးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံ၊ ပညာရေးတာဝန်ခံ၊ ဥပဒေတာဝန်ခံ၊ လျှပ်စစ်တာဝန်ခံ၊ သယံဇာတတာဝန်ခံ၊ တိုက်နယ် A-3 တာဝန်ခံတွေနဲ့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တို့က လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။
ဒါ့အပြင် ဆားလင်းကြီးမြို့နယ်အတွင်းမှာလည်း သယံဇာတတာဝန်ခံနဲ့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ခံတွေပူးပေါင်းကာ သစ်တောပြုန်းတီးမှုနဲ့ပတ်သက်တဲ့ ပညာပေးဟောပြောပွဲတွေ မကြာခဏပြုလုပ်ပေးလေ့ရှိပြီး ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။


“လောလောဆယ်တော့ မြို့နယ်အုပ်ချုပ်ရေးနဲ့သယံဇာတတာဝန်ခံကနေပြီးတော့ ပညာပေးဟောပြောပွဲတွေလုပ်တယ်၊ အသိပေးမှုတွေလုပ်တယ်။ ဖမ်းဆီးထိန်းသိမ်းတယ်။ သစ်ပင်ကြီးတွေမှာဆိုလည်း စာတွေလိုက်ကပ်တယ်”လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် မြို့နယ်အနေနဲ့ချမှတ်ထားတဲ့ဥပဒေတွေကိုမလိုက်နာဘဲ သစ်ခုတ်တာတွေ တွေ့ရှိခဲ့ရင်လည်း ခေါ်ယူသတိပေး၊ ဒဏ်ငွေဆောင်ခိုင်းတာတွေရှိတယ်လို့ ဆိုပါတယ်။


“ဒီနှစ်ကျနော်တို့မြို့နယ်မှာ သစ်ပင်ခုတ်တာပတ်သက်ပြီး တအားကြီးမရှိဘူး။ မနှစ်ကတော့ သစ်တောကြိုးဝိုင်းကို ကျူးကျော်ပြီးတော့ သစ်ခုတ်တာတွေရှိတော့ ရုံးမှာခေါ်ယူသတိပေးတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်ဆက်ခုတ်တဲ့လူတွေကိုတော့ ဒဏ်ငွေဆောင်ခိုင်းတာတွေရှိတယ်”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
ဒီနှစ်အတွက်ဆောင်ပုဒ်ဟာ “ပလတ်စတစ်ညစ်ညမ်းမှုကို တွန်းလှန်၊ အာဏာရှင်စနစ်ကို မြေလှန်” ဖြစ်ပြီး ခုလို သစ်ပင်စိုက်ပွဲတော်ကို ဆားလင်းကြီးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်ကစလို့ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တာလို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူဆီကသိရပါတယ်။
စာတည်း – လင်း