မြေလတ်အသံ၊ ဇွန် ၁၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ ABSDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ ဇွန် ၁၉ ရက်ဒီကနေ့မှာ ABSDF Column-3 ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)-ABSDF၊ အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းမှ ၂၅ နှစ်အရွယ် တပ်ဖွဲ့ဝင် ထိုက်ကြီး(ခ)သန်းထိုက်အောင်၊ ၁၈ နှစ်အရွယ် ကျောင်းသားလေး (ခ) ချစ်ဇော်ဖြိုး၊ ၂၇ နှစ်အရွယ် ဂျိမ်းမောင် တို့ကျဆုံးခဲ့တာပါ။

အဆိုပါတပ်ဖွဲ့ဝင် ၃ ဦးဟာ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ဖြတ်တောက်ရေးလုပ်နေချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး ဇွန် ၁၇ ရက်ညနေ ၅ နာရီကျော်မှာ ကျဆုံးခဲ့တာလို့ ABSDF Coloum-3 မှ တပ်ရင်းမှူးဇေယျက ဆိုပါတယ်။
“မနေ့က(ဇွန် ၁၈)ပဲ အကုန်လုံးသင်္ဂြိုဟ်လို့ပြီးပါပြီ။ သက်ဆိုင်ရာမိဘတွေဆီကိုလည်း အသိပေးထားလိုက်ပါပြီ”လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ကန်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA ဦးဆောင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂ ရက်နေ့ကစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၇ ရက်အကြာ ဇွန် ၁၉ ရက်ဒီကနေ့မှာ အပြီးသိမ်းပိုက်ရရှိခဲ့တယ်လို့ PLA ကထုတ်ပြန်ပါတယ်။
စာတည်း – လင်း