ပဲခူး၊ ဇူလိုင် ၃၁၊ ၂၀၂၆။
ရန်ကုန်-ပြည်မီးရထားလမ်းမှာ ဒီနေ့မနက်ကစတင် ပြေးဆွဲတဲ့ လေအေးပေးစက်ပါ အဆင့်မြင့်ခေတ်မီရထား DEMU (Diesel Electric Multiple Unit)ဖြတ်သန်းတဲ့ လမ်းတလျှောက်ရှိမြို့တွေက ဝန်ထမ်းနဲ့ ပြည်သူတွေကို စစ်အုပ်စုက ဖိအားပေးကာ ဘူတာကိုသွားပြီး ရထားလိုင်းသစ်ပြေးဆွဲမှု ကြိုဆိုပွဲတက်ရောက်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်-ပြည်လမ်း မီရထားလမ်းတလျှောက်က DEMU ရထားရပ်နားတဲ့ ဘူတာတိုင်းက မြို့တွေမှာ ကြိုဆိုရတာလို့ ဆိုပါတယ်။

“လမ်းထဲကလူတွေကိုတော့ ကြိုခိုင်းတယ်။ အုပ်ကြီးက တအိမ်တယောက်မထွက်မနေရတဲ့။ လမ်းထိပ်တိုင်းမှာ အပြည့်ပဲ။ အိုးမြေတွင်း၊ ရွာမ၊ အိုမြေတွင်းလမ်းသစ်၊ အတွင်းသာစည်လမ်းတွေလည်းပါတယ်” လို့ နတ်တလင်းမြိို့ခံတဦးက ပြောပါတယ်။
ရွာမရပ်ကွက်နဲ့ မြို့မရပ်ကွက်ကလူတွေကိုတော့ ပြည်ကနေ ရထားပြန်လာမယ့် မွန်းလွဲ ၁ နာရီမှာ ကြိုဆိုဖို့ ဘူတာကိုလာခိုင်းတယ်လို့ သူကဆက်ပြောပါတယ်။
“ကျနော်တို့ကတော့ အမြဲခရီးသွားရတာဆိုတော့ သွားကြည့်တာပါ။ ဌာနဆိုင်ရာတွေတော့ အများကြီးတွေ့တယ်” လို့ ပေါင်းတည်ဘူတာကို ကိုယ်တိုင်သွားရောက်ခဲ့သူ မြို့ခံတဦးက ပြောပါတယ်။

အလားတူ ပေါင်းတည်မြို့ မင်းကွက်ရပ် အ.ထ.က ကျောင်းက ကျောင်းသားတွေကိုလည်း ကျောင်းဆရာ၊ ဆရာမတွေက သွားရောက် ကြိုဆိုခိုင်းတာတွေ ရှိတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ပြည်မြို့ပေါ်မှာလည်း ရထားဖွင့်ပွဲတက်ဖို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဖိအားပေးကာ မတက်မနေရ တက်ခိုင်းတယ်လို့ ဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ ဒါမျိုးပွဲတက်ရတာက ခေတ်အဆက်ဆက် ထုံးစံပါပဲ။ အခုလည်း ပြည်မှာ လူကြီးလမ်းကြောင်းတွေနဲ့ ရှုပ်နေတာပဲ။” လို့ သူကဆက်ပြောပါတယ်။

အဲဒီရထားဟာ ရန်ကုန်ဘူတာကနေ နံနက် ၅ နာရီခွဲမှာ စတင်ထွက်ခွာကာ ပြည်ဘူတာကို မနက် ၁၁ နာရီခွဲမှာ ရောက်ရှိမှာဖြစ်ပြီး၊ ပြည်ကနေ မွန်းလွဲ ၁ နာရီမှာ ပြန်လည်ထွက်ခွာကာ ရန်ကုန်ကို ည ၇ နာရီမှာ ရောက်ရှိမှာလို့ ဆိုပါတယ်။
DEMU ရထားသစ်ဟာ ရန်ကုန်တိုင်းအတွင်းက တညင်းကုန်းဘူတာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ်တလင်းနဲ့ ပေါင်းတည်စတဲ့ ဘူတာတွေမှာ သာရပ်နားပြီး အုတ်ဖို၊ ဇီးကုန်းနဲ့ သဲကုန်းဘူတာတွေမှာတော့ ရပ်နားခြင်းမရှိဘူးလို့ မြန်မာ့မီးရထားရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
