နတ်တလင်း၊ အောက်တိုဘာ ၁၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဖလံပင်ကျေးရွာမှာ ဘိလိယက်ထိုးနေတဲ့ လူငယ်တွေဖမ်းဆီးခံရပြီး ၁ ဦးကို ကျပ်သိန်း ၂၀ စီနဲ့ ငွေပေးကာ ပြန်လည်ရွေးယူခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၃ ရက် ယမန်နေ့ ညနေ ၃ နာရီခန့်မှာ စစ်ကော်မရှင်တပ်နဲ့ပျူစောထီးပူးပေါင်းအင်အား ၃၀ ခန့်ဟာ နတ်တလင်းမြို့ပေါ်ကနေ နတ်တလင်း-ငုတ်တို-သရက်ပင်ကန်လမ်းအတိုင်း ဆိုင်ကယ်တွေနဲ့ ဖလံပင်ရွာကိုရောက်လာပြီး ရွာထိပ်ဘိလိယက်ခုံမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
” ဘိလိယက်ထိုးနေတာကိုဝင်ဖမ်းတယ်။ ဖမ်းပြီးတော့ သေနတ်ပစ်ဖောက်သွားသေးတယ်။ ခုံမှာက သူတို့တွေပဲရှိတာ။ ဖမ်းတော့ ဘေးကလူတွေက အဲ့မှာပါတဲ့ သက်ဝေအောင်က ကျောင်းသားဘဲရှိသေးတယ်လို့ဝိုင်းပြောကြတယ်။ သူက တက္ကသိုလ်ကျောင်းသား။ သူ့ကိုတော့ပြန်လွှတ်ပေးခဲ့တယ်” လို့ ဖလံပင်ရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ကျေးရွာဒေသခံတွေက ဝိုင်းဝန်းပြောဆိုတာကြောင့် တက္ကသိုလ်ကျောင်းသားလူငယ် ၁ ဦးကို လွှတ်ပေးခဲ့ပြီး အသက် ၃၀ အရွယ် အောင်မျိုးကျော်နဲ့ အသက် ၂၅ နှစ်အရွယ် ကိုဝိုင်းမင်းထွန်းတို့ ၂ ဦးကို စစ်ကော်မရှင်တပ်သားတွေက နတ်တလင်းရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူလူငယ်အမျိုးသား ၂ ဦးကို ၎င်းတို့ရဲ့မိသားစုဝင်တွေက ယမန်နေ့ညနေပိုင်းမှာပဲ နတ်တလင်းရဲစခန်းကနေ ၁ ဦးကို ကျပ်သိန်း ၂၀ ပေးပြီး ပြန်ရွေးထုတ်ခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူဒေသခံတွေထံက သိရပါတယ်။
ဖလံပင်ကျေးရွာစစ်ကော်မရှင်အုပ်ချုပ်ရေးမှူး မင်းသူဟာ နတ္တလင်းမြို့ပေါ်ကိုပြောင်းရွှေ့ပြီးရှောင်တိမ်းနေထိုင်တာ ၅ လခန့်ရှိနေပြီဖြစ်တာကြောင့် အဲ့ဒီရွာကနေ စစ်မှုထမ်းအတွက် လစဥ်ကောက်ငွေမရရှိတာ၊ စစ်မှုထမ်းဖို့လူမပေးတာတွေကြောင့် အခုလိုအင်အားသုံးလာရောက်ပေါ်တာဆွဲဖမ်းဆီးတာဖြစ်နိုင်တယ်လို့ အထက်ပါရွာခံက ဆက်ပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေဟာ လစဥ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်းတွေအတွက် အုပ်ချုပ်ရေးမှူးတွေကတဆင့် ရပ်ကွက်၊ ကျေးရွာတွေကနေ ဆင့်ခေါ်စုဆောင်းတာတွေအပြင် လမ်းသွားလမ်းလာလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေကာ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတွေက လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတာပါ။
ဇန်နဝါရီလ ၁၆ ရက်ကလည်း နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ရွာခံအမျိုးသား ၃ ဦးကိုဖမ်းဆီးပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ