ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကိုင်းရွာနဲ့ စည်ပင်သာရွာကြား ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်းမှာ ရေတိုက်စားရာက တံတားကျိုးသွားတဲ့အတွက် ကားအစီးရေ ၃၀၀ ကျော် ပိတ်မိနေတယ်လို့ ကူညီပေးနေသူတွေဆီ သိရပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ မနက် ၁၀ နာရီကျော်ကစပြီး ကားလမ်းမိုင်တိုင် ၅၁ အနီးရှိ ပေ ၂၀ ခန့်ရှိ တံတားမှာ ကျိုးကျခဲ့တာကြောင့် ခရီးသွားကားတွေဖြတ်သန်းလို့မရဘဲ ပိတ်မိနေခဲ့တာလို့ဆိုပါတယ်။
“မနက်က ကားလေး ၁ စီးလည်း သီသီလေးလွတ်သွားတာ။ နောက်က ကူးမယ်ကားတွေလည်း ရှေ့ကို ကူးမလို့ဟန်ပြင်တုန်းကျိုးသွားတာ။ အောက်ကနေ လှိုက်စားပြီး အပေါ်ကလည်းနည်းနည်း ကုန်ကားတွေ ဖြတ်တာလည်းများနေ၊ အောက်ကလည်းအထိန်းမရှိတော့ တံတားအချပ်ကလေးဘဲ ရှိတော့တဲ့ပုံစံမျိုး။ အဲ့ဒါလေးကမှ ကျိုးသွားတာ”လို့ ကူညီလုပ်ကိုင်ပေးနေသူတဦးကပြောပါတယ်။


ဒါ့ကြောင့် ခရီးသွားကားတွေဖြတ်သန်းလို့မရတော့ဘဲ ကျိုးကျသွားတဲ့နေရာကိုတော့ နေ့လယ် ၁ နာရီကျော်လောက်ကစတင်ပြီး မီးသတ်၊ လူမှုကူညီရေး၊ လမ်းဦးစီးဌာနနဲ့ဒေသခံတွေက ကျောက်တွေ ချကာ ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။
တံတားပြင်နေချိန် ကားလမ်းနှစ်ဖက်မှာ ခရီးသွားကားအစီးရေ ၃၀၀ ကျော်ထိပိတ်မိနေပြီး ဒီညနေ လောက်မှာ ကားတွေဖြတ်သန်းသွားလာနိုင်မယ့်အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာပြီး ကြက်မောက်တောင်ဆည်ထဲကို ဝင်လာတဲ့ရေပမာဏ များလာပြီး ရေပိုလွှဲကနေ ရေတွေ ကျော်ကျလာတာကြောင့် စက်တင်ဘာ ၃၀ ရက် မနက် ၅ နာရီကျော်လောက်ကစတင်ပြီး ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းမကြီး၊ ကားလမ်း မိုင်တိုင်အမှတ် ၅၁/၄ကနေ ၅၁/ ၇ အကြား ၃ ဖာလုံလောက် ရေကျော်ခဲ့ပါတယ်။
ဆည်ရေကျော်ပြီး ရေကျများလာတာကြောင့် ရေစီးကြောင်းတလျှောက် လယ်ဧက ၂၀၀ ကျော် ရေနစ်မြုပ်တာဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ရေပြန်လည်ကျဆင်းနေပြီး ကားလမ်းပေါ်မှာ ရေအနည်း ငယ်လောက်သာကျန်ရှိတော့တယ်လို့ သိရပါတယ်။
စာတည်း – လင်း