myaelatt athan

Sharing Information to the Local

မကြေပွဲမှာ မကြေကွဲရအောင် ကြိုးစားရမယ့် အောင်လ (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၀၊၂၀၂၅။

ဖေဖော်ဝါရီ ၂၀ ရက်၊ ကာတာနိုင်ငံမှာကျင်းပသွားမယ့် ONE 171 ပြိုင်ပွဲမှာတော့ အောင်လအန်ဆန်းရဲ့ပွဲစဉ်ပါဝင်ပြီး တူရကီနိုင်ငံသား အာဒိုဂန်နဲ့ မကြေပွဲပြန်လည်ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။ 

ဒီပွဲဟာနှစ်ယောက်စလုံးအတွက် ပြိုင်ဘက်မခြားဘဲ နှစ်ပွဲဆက်တိုက်ထိုးကြရတာဖြစ်ပြီး ပထမတွေ့ဆုံစဉ်မှာတုန်းကတော့ အာဒိုဂန်က အောင်လကို အသာစီးကထိုးသတ်ကစားသွားခဲ့ကာ ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့အနိုင်ရသွားခဲ့ပါတယ်။ 

အဲ့ဒီပွဲစဉ်မှာ အာဒိုဂန်ဟာဝိတ်တောင်လာမချိန်ဘဲကစားခဲ့တာကြောင့် အဲ့ဒီအကျိုးဆက်အနေနဲ့ အနိုင်ရပေမယ့် ဘောနပ်စ်ဆုနဲ့ဝေးခဲ့ရသလို ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ကိုပါလက်လွှတ်ဆုံးရှုံးခဲ့တယ်လို့ ထင်ရပါတယ်။ 

အခုပွဲပြန်လည်တွေ့ဆုံရာမှာတော့ အာဒိုဂန်သာသတ်မှတ်ဝိတ်အတွင်း ဝင်ရောက်ခြင်းမရှိရင် ဒီပွဲစဉ်ကို လက်ခံကစားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့အောင်လဟာ သူကိုယ်တိုင် ဟိုက်ဒရေးရှင်းစစ်ဆေးမှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အာဒိုဂန်ကတော့ သတ်မှတ်ဝိတ်ရော၊ ဟိုက်ဒရေးရှင်းစစ်ဆေးမှုမှာပါ အောင်မြင်သွားတာကြောင့် ဝိတ်ကိုချိန်ညှိထိုးသတ်ရတော့မှာဖြစ်သလို အောင်လအနေနဲ့ သူ့ရဲ့ထိုးကြေးတွေထဲကနေ တချို့တဝက်ကို ခွဲဝေပေးရတော့မှာလည်းဖြစ်ပါတယ်။  

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ကစားသမား ၂ ဦးဟာ ပေါင်ချိန် ၂၁၀ နဲ့ ဝိတ်ညှိထိုးသတ်သွားမယ်လို့ သိရပါတယ်။ 

ဒီပွဲဟာ ပရိသတ်တွေအနေနဲ့ အောင်လရဲ့အသက်အရွယ်အရရော ပထမပွဲတွေ့ဆုံစဉ်က အာဒိုဂန်နဲ့ ကွာခြားနေတဲ့ ကစားပုံတွေကြောင့်ပါ အောင်လအနိုင်ရဖို့အတွက် မမျှော်လင့်ရဲကြသလို ကစားသမား ကိုယ်တိုင်ကလည်း ခက်ခဲမယ့်ပွဲတပွဲဖြစ်တယ်လို့ ဝန်ခံပြောကြားထားပါတယ်။ 

ကစားပုံကစားပေါက်ချင်းယှဉ်ရင် အာဒိုဂန်ဟာ ချုပ်ကွက်အားသာချက်ရှိတဲ့ကစားသမားဖြစ်ပြီး ယှဉ်ထိုးရင်လည်း လက်ရည်မနိမ့်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်။ ဘယ်ခြေ၊ ဘယ်လက်အားပြုကစားပြီး သူ့ရဲ့လက်သီးချက်တွေအားပါပြင်းထန်တာကို အောင်လနဲ့ပထမပွဲမှာ မြင်နိုင်သလို ခြေကန်ချက်ကောင်းမွန်တာကိုလည်း ဖန်ရောင်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ 

အောင်လထက် အရပ်နဲ့လက်တံလည်း အားသာချက်ရှိနေတာကြောင့် သူ့ရဲ့ဟာကွက်ကိုရှာဖွေဖို့ ခက်လှပါတယ်။ ဒါပေမယ့် အောင်လနဲ့ပထမပွဲစဉ်ထိုးသတ်ချိန်တုန်းက ဝိတ်ချိန်တာကို မလာရောက်ဘဲ ဝိတ်အသားစီးနဲ့ထိုးသတ်သွားတဲ့အာဒိုဂန်ဟာ ဒီပွဲမှာ သူအရပ်အမောင်းနဲ့ဆို ခက်ခဲနိုင်တဲ့ ဝိတ်သတ်မှတ်ချက်ထဲဝင်အောင်ကြိုးစားထားတာကြောင့် ပထမပွဲစဉ်လောက် ခွန်အားကုန်သုံးနိုင်မလား စောင့်ကြည့်ရပါမယ်။ 

အောင်လကတော့ ပထမပွဲစဉ်မှာ အာဒိုဂန်ပြုသမျှနုခဲ့ရတာကို အခဲကြေဖို့မလွယ်လောက်ဘဲ အစွမ်းကုန် အားထုတ်လာမယ်လို့ ထင်မိပါတယ်။ သူ့ရဲ့အားသာချက်ဖြစ်တဲ့ ညာဖြောင့်လက်သီးချက်တွေ အမြင့်ကန်ချက်တွေ ဒီပွဲမှာမြင်ရမယ်လို့လည်း မျှော်လင့်မိပါတယ်။ 

တချိန်က ONE ရဲ့ပုံရိပ်မြှင့်တင်ရေးမှာ အရေးပါတဲ့ကစားသမားတယောက်ဖြစ်ခဲ့တဲ့ အောင်လဟာ သူ့ရဲ့အောင်မြင်မှု အခြေအနေတွေနားကို တခါပြန်ကပ်နိုင်ဖို့ ဘယ်လောက်အထိကြိုးစားနိုင်မလဲဆိုတာ ဒီနေ့ည ၉း၃၀ အချိန်မှာ ကြည့်ရတော့မှာဖြစ်ပါတယ်။ 

ဒီပွဲမှာရော အောင်လအန်ဆန်းနဲ့ ရှာမီးအာဒိုဂန်ရဲ့ပွဲအဖြေ ဘယ်လိုဖြစ်လာမလဲ။ အာဒိုဂန်ကပဲ နိုင်ပွဲထပ်ယူသွားမလား။ အောင်လကပဲ မကြေပွဲမှာ အနိုင်ပြန်ယူနိုင်မလား မိမိတို့ရဲ့အမြင်တွေကို Comment မှာရေးသားသွားပါဦးခင်ဗျ။ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။