myaelatt athan

Sharing Information to the Local

ONE Friday Fights 85 မှာ သွေးလင်းထက်ပါဝင်ထိုးသတ်မယ် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ နိုဝင်ဘာ ၁၊ ၂၀၂၄။

နိုဝင်ဘာ ၁ ရက်မှာ ယနေ့ည ကျင်းပသွားမယ့် ONE Firday Fights 85 မှာ မြန်မာဖိုက်တာ သွေးလင်းထက်က ထိုင်းဖိုက်တာ ဘရာဇီး နဲ့ (မွေထိုင်း)စတောဝိတ်တန်းမှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ 

ဒီပွဲဟာ သွေးလင်းထက်အတွက် ONE မှာထိုးသတ်ရတဲ့ ဒုတိယမြောက်ပွဲဖြစ်ပြီး ပထမပွဲစဉ်တုန်းက ထိုင်းဖိုက်တာ ဂန်ချိုင်း ကို အမှတ်နဲ့အနိုင်ရခဲ့ကာ ဖျော်ဖြေမှုကောင်းတဲ့ထိုးသတ်ပုံကြောင့် နှစ်ဦးစလုံး ဘောနပ်စ်ဆုတွေရရှိခဲ့ပါတယ်။ 

ပြိုင်ဘက်ကစားသမားဖြစ်သူ ဘရာဇီးကတော့  အသက် ၁၉ နှစ်နဲ့ ONE မှာ သုံးပွဲထိုးသတ်ထားကာ ၃ ပွဲစလုံးဒိုင်ဆုံးဖြတ်ချက်ရယူခဲ့ရပြီး ၂ ပွဲနိုင် ၁ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပါတယ်။ 

ဘရာဇီးဟာ မွေထိုင်းကစားသမားပီပီ ခြေကန်ချက်တွေ ကောင်းမွန်ပါတယ်။ အနိမ့်ကန်ချက်တွေနဲ့ ပြိုင်ဘက်ကစားသမားအာရုံရှုပ်ထွေးအောင်လုပ်ပြီးမှ အမြင့်ကန်ချက်ကို ရုတ်တရက်ထုတ်သုံးတတ်သူ ဖြစ်ပါတယ်။ အနီးကပ်ရင်ဆိုင်ထိုးသတ်ချိန်တွေမှာလည်း သူ့ကို အပိုင်မချုပ်နိုင်ရင် လျှင်မြန်ထိရောက်တဲ့ တံတောင်ရိုက်ချက်တွေ ထွက်လာတတ်ပါတယ်။ 

ထိုးချက်ကန်ချက်တွေ ပြင်းထန်တာမျိုးတွေ့ရနည်းပေမယ့် နည်းစနစ်ပိုင်းကောင်းမွန်ပြီး ပြိုင်ဘက်ကစားသမားဆီက အမှတ်ရအောင်ထိုးသတ်နိုင်ကာ သက်လုံပိုင်းလည်း အတန်အသင့်ကောင်းမွန်ပါတယ်။ 

ပြိုင်ဘက်ကစားသမားဆီက အမှတ်ရအောင်ထိုးသတ်ဖို့အတွက် သူ့ကိုယ်သူလုံအောင်ကာလွန်းတာကြောင့် ပြိုင်ဘက်ရဲ့ထောက်လက်သီးဒဏ်ကို မကြာခဏခံရတာတော့ တွေ့ရပါတယ်။ ဆိုင်ထိုးပြိုင်ထိုးချိန်မှာလည်း လက်သီးထက် တံတောင်ရိုက်ချက်ကိုသာ အားကိုးများတာကြောင့် အကွာအဝေးချိန်ဆထိုးတတ်တဲ့ ဖိုက်တာနဲ့ဆိုရင် အထိနာသွားနိုင်ပါတယ်။ 

သွေးလင်းထက်ကတော့ ရိုးရာကစားသမားဘဝမှာကတည်းက ထိုးသတ်ပုံကောင်းမွန်တဲ့ကစားသမားအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ပြီး ONE မှာ ပထမပွဲကို အမှတ်အသာနဲ့ အနိုင်ယူထားနိုင်ပါတယ်။ ထိုးသတ်ပုံစုံလင်တဲ့ကစားသမားဖြစ်ပြီး လက်သီးပါဝါမြင့်ကာ ပြိုင်ဘက်ကို လဲကျအောင်ထိုးနိုင်တာလည်းတွေ့ရပါတယ်။ ပထမပွဲတုန်းကလည်း ပြိုင်ဘက်က မာဂုဏ်မြင့်လွန်းတာကြောင့်သာ အလဲထိုးဖို့အခွင့်မသာခဲ့တာပါ။

ဒီပွဲမှာ သွေးလင်းထက် အမှတ်မထင်သုံးတတ်တဲ့ အနိမ့်ကန်ချက်ပြင်းပြင်းတွေနဲ့ ဒူးတိုက်ချက်တွေကို အချိန်ကိုက်အသုံးချနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ပြိုင်ဘက်နဲ့ပူးကပ်ချိန်မှာ တံတောင်ရိုက်ချက်ကို ဦးအောင်ထုတ်နိုင်ဖို့ လိုမယ်ထင်ပါတယ်။ 

ပြိုင်ဘက်ထက် လက်သီးပါဝါပိုသာပေမယ့် ပြိုင်ဘက်ဟာ ထိုင်းကစားသမားဖြစ်နေပြီး အားပေးဝန်းရံသူ များတာကိုသတိပြုရမှာပါ။ သွေးလင်းထက်အနေနဲ့ ONE ရဲ့ ဒေါ်လာတသိန်းတန်စာချုပ်တင်မကဘဲ ချန်ပီယံခါးပတ်ကိုပါ မျှော်လင့်ထားတယ်ဆိုရင် ဒီလိုပွဲတွေကို အနိုင်ထိုးသတ်နိုင်ဖို့ လိုပါတယ်။ 

သွေးလင်းထက် ပါဝင်ထိုးသတ်သွားမယ့် ONE Firday Fights 85 ကို နိုဝင်ဘာ ၁ ရက် ဒီနေ့ည ၇ နာရီမှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ 

Photo – One Lumpinee FC 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။