myaelatt athan

Sharing Information to the Local

Community Shield မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ မန်ချက်စတာစီးတီး အနိုင်ရ (အားကစားသတင်း)

0
0

မြေလတ်အသံ၊ သြဂုတ် ၁၀၊ ၂၀၂၄။

ယနေ့ည ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ Community Shield ပွဲစဉ်မှာ မိနစ် ၉၀ အတွင်း တဖက် ၁ ဂိုးစီနဲ့ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၇ – ၆ ရလဒ်နဲ့ မန်ချက်စတာစီးတီးအသင်း အနိုင်ရရှိခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းက လူငယ်ကစားသမား လေးယောက်နဲ့ ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားခဲ့ပေမယ့် ပထမပိုင်းအတွင်း ထိရောက်တဲ့ဂိုးပေါက်ကန်သွင်းချက်တွေ မပြုလုပ်နိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း တိုက်စစ်မှူး ဟွိုက်လန်း ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့အပြင် ခံစစ်ပိုင်းမှာလည်း ဒဏ်ရာရကစားသမား များနေတဲ့အတွက် ဗဟိုနောက်ခံလူ မာတီနက်ဇ်ကို ဘယ်ခြမ်းခံစစ်ဆော့ကစားစေခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာတင် အချိန်ကုန်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အသင်းက ပိုမိုတိုက်စစ်ဆင်နိုင်ခဲ့ပြီး ၅၃ မိနစ်မှာ ဘရူနိုဖာနန်ဒက်က ဧရိယာအပြင်ကနေ လှလှပပ ကန်သွင်းခဲ့ပေမယ့် လူကျွံနေလို့ ဂိုးမရရှိခဲ့ပါဘူး။ အဲ့ဒီနောက် ၇၄ မိနစ်မှာ ဂါနာချိုရဲ့ အပိုင်အခွင့်အရေးဖန်တီးမှုကို ရပ်ရှ်ဖို့ဒ် ပိတ်သွင်းခဲ့ပေမယ့် ဂိုးတိုင်ကိုပဲ ထိမှန်ခဲ့သလို ၇၉ မိနစ်မှာလည်း ထောင့်ကန်ဘောကနေတဆင့် ရပ်ရှိဖို့ဒ် ခေါင်းတိုက်ချပေးတဲ့ဘောလုံးကို မက်တိုမီနေး ကန်ချက် မထိခဲ့လို့ ယူနိုက်တက်တို့ အကြိမ်ကြိမ် နစ်နာခဲ့ရပါတယ်။

ပွဲကစားချိန် ၈၂ မိနစ်မှာ ဂါနာချိုရဲ့ တကိုယ်တော် အစွမ်းပြမှုနဲ့အတူ နောက်တန်းကစားသမား ၄ ယောက်ကြားကနေ ဧရိယာအပြင်က ကန်သွင်းချက် ဂိုးရရှိခဲ့ပြီး ယူနိုက်တက်တို့ ပွဲကို စတင်ဦးဆောင်နိုင်ခဲ့ကာ အနိုင်ရရှိတော့မယ့် အခြေအနေရှိခဲ့ပေမယ့် ဘနာဒိုဆေးလ်ဗားရဲ့ ၈၉ မိနစ် ခေါင်းတိုက်ချက်နဲ့ နောက်ကျချေပဂိုးကို ခွင့်ပြုပေးခဲ့ရတာကြောင့် ပွဲကစားချိန် မိနစ် ၉၀ မှာ ၁-၁ ရလဒ်နဲ့ သရေကျခဲ့ပါတယ်။

အဲ့ဒီနောက် ပင်နယ်တီကန်သွင်းရာမှာတော့ တဖက်ကို ၈ လုံးစီ ကန်သွင်းခဲ့ရပြီး စီးတီးအသင်းက ဘနာဒိုဆေးလ်ဗား ကန်သွင်းချက်ကို အိုနာနာကာကွယ်နိုင်ခဲ့ပြီး ယူနိုက်တက်အသင်းက ဂျေဒန်ဆန်ချိုရဲ့ ကန်သွင်းချက်ကို အီဒါဆင် ကာကွယ်နိုင်ခဲ့တဲ့အပြင် ဂျွန်နီအီဗန်ရဲ့ကန်သွင်းချက် ဂိုးတိုင်ကျော်ထွက်သွားခဲ့လို့ ၇-၆ ရလဒ်နဲ့ မန်စီးတီးအသင်း အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲအနိုင်ရလဒ်ကြောင့် ၄ နှစ်ဆက်တိုက် Community Shield ကန်ခွင့်ရခဲ့တဲ့ စီးတီးတို့ ပြီးခဲ့တဲ့ ၃ နှစ်လုံး ရှုံးခဲ့ရာကနေ အခုတစ်ခေါက်မှာတော့ နိုင်ပွဲပြန်လည် ရရှိနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ 

Photo – Manchester City Facebook.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။