myaelatt athan

Sharing Information to the Local

စစ်ကိုင်းတွင် ရုံးစိုက်ခြေချမည့် NUG ကို လှိုက်လှဲစွာ ကြိုဆိုပါသည် (အယ်ဒီတာ့အာဘော်)

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် ၄ နှစ်ပြည့်တော့မည်ဖြစ်သည်။ ယခုလို ၄ နှစ်ပြည့်တော့မည့်အချိန်၌ စစ်ကိုင်းတိုင်းအတွင်း အခြေချရုံးစိုက်တော့မည်ဟု NUG အစိုးရက ပြည်သူလူထုထံ အသိပေးလာခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤဆုံးဖြတ်ချက်နှင့် လုပ်ရပ်သည် ၂၀၂၅ နှစ်သစ်အတွက် ကြီးမားသည့်အပြောင်းအလဲ၊ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကျွန်ုပ်တို့မြေလတ်အသံက ယုံကြည်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရဆိုလျှင် အစိုးရသက်တမ်း ၅ နှစ်ပြည့်ပါက ရွေးကောက်ပွဲကျင်းပ၊ လွှတ်တော်ခေါ်ပြီး နောက်ထပ် အစိုးရသစ်တရပ် ထပ်မံဖွဲ့စည်းရမည်ဖြစ်သည်။ ဤအတိုင်းဆိုလျှင် လက်ရှိ NUG အစိုးရအဖွဲ့ သက်တမ်းဟာလည်း လာမည့်နှစ်တွင် အသစ်ပြန်ဖွဲ့စည်းရမည်ဖြစ်သည်။ ကျန်ရှိသည့် သက်တမ်း ၁ နှစ်သည် လက်ရှိ NUG အစိုးရအဖွဲ့အတွက် ရုန်းကန်ပြရမည့်နှစ်ဖြစ်မည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖျက်သိမ်းလိုက်ပြီဖြစ်ရာ အစိုးရအဖွဲ့သစ် ထပ်မံဖွဲ့စည်းရေးအတွက်က ပူပန်စရာ မလို။

စစ်ကိုင်း၌ အခြေစိုက်ကာ ဖွင့်လှစ်သွားမည့် ဝန်ကြီးရုံး၊ ဒုဝန်ကြီးရုံးများတွင်လည်း လွန်ခဲ့သည့် ၄ နှစ်နီးပါးက တာဝန်ထမ်းဆောင်ခဲ့ကြသည့် NUG အစိုးရ ဝန်ကြီးများ၊ ဒုဝန်ကြီးများသာ ဆက်လက်တာဝန်ယူရုံးထိုင်သွားမည့် သဘောပင်။

လက်ရှိ၌ စစ်ကိုင်းတိုင်း၏ နေရာအများစုကို တော်လှန်ရေးအင်အားစုများက စိုးမိုးထားသည်။ တော်လှန်ရေး အင်အားစုများသည် NUG အစိုးရ၏ အုပ်ချုပ်မှုအောက်၌ တစုတစည်းတည်းရှိနေခြင်းမျိုး မဟုတ်ဘဲ အဖွဲ့အမည်အသီးသီးဖြင့် ရပ်တည်ကာ စစ်အာဏာရှင်ကို တော်လှန်နေကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၄ နှစ်နီးပါးကာလ၌ မတူညီသည့်အဖွဲ့အစည်းများကြား ပွတ်တိုက်မှုများရှိခဲ့သည်။ ပွတ်တိုက်မှုများသည် NUG အစိုးရ အုပ်ချုပ်မှုအောက်ရှိ PDF အပါအဝင် ပ သုံးလုံး (ပကဖ၊ ပလဖ၊ ပအဖ) များကြား၌လည်း ရှိခဲ့သည်။

ဤအချက်ကို အမျိုးသားညီညွတ်ရေးအစိုးရသည် ကောင်းစွာနားလည်လက်ခံပြီး မတူညီကြသည့် တော်လှန်ရေး အင်အားစုများကို စုစည်းရန်နှင့် ဖြစ်ထားသည့် ပဋိပက္ခများကို အတိုင်းအတာတခုထိ ဖြေရှင်းရန် ကြိုတင်ပြင်ဆင်ထားဟန်ရှိသည်။ ဤအချက်သည် စစ်ကိုင်းတိုင်းတွင် အခြေချမည့် NUG အစိုးရအတွက် စိန်ခေါ်မှုတရပ်လည်း ဖြစ်သည်။

၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ကာလများက NUG ၏ လက်နက်ခဲယမ်း ထောက်ပံ့ပေးမှု မလုံလောက်ခြင်းနှင့်ဆက်စပ်ပြီး အညာဒေသအခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့များ၏ ဝေဖန်မှုများရှိခဲ့သည်။ အလားတူ NUG အစိုးရလက်အောက်ရှိ PDF တပ်ရင်းနှင့် ပ သုံးလုံးတချို့၏ လုပ်ရပ်များနှင့်ဆက်စပ်၍လည်း အညာလူထုက NUG အပေါ် ဝေဖန်မှုများပြင်းထန်ခဲ့သည်။

ထို့ကြောင့် စစ်ကိုင်းတွင် အခြေစိုက်ရုံးထိုင်မည်ဟုဆိုသော NUG အစိုးရအဖွဲ့အနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းများအပြင် ဒေသခံပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၏ ယုံကြည်ကိုးစားမှုရရှိရန်ကိုလည်း လက်တွေ့လုပ်ပြရမည့်အခြေအနေဖြစ်သည်။

သို့သော် စစ်အာဏာရှင်ပြုတ်ကျရေးနှင့် လွတ်မြောက်နယ်မြေဖြစ်လာရေးအတွက် NUG က လက်တွေ့ကျကျ စွမ်းဆောင်ပြနိုင်မည်ဆိုလျှင် လူထုဝေဖန်မှုနှင့် တော်လှန်ရေးအင်အားစုများ၏ ဝေဖန်မှုများသည် ကျွဲကူးရေပါသဘော ပြေပျောက်သွားနိုင်ဖွယ်ရာရှိသည်။

သို့ဖြစ်၍ စစ်ကိုင်းမြေပြင်သို့ရောက်လာမည့် NUG အစိုးရအနေဖြင့် စစ်အာဏာရှင်ပြုတ်ကျရေး၊ စစ်ကိုင်းတိုင်း လွတ်မြောက်နယ်မြေဖြစ်လာရေးအတွက် လက်တွေ့ကျကျစွမ်းဆောင်နိုင်စေရန် မြေလတ်အသံက အလေးအနက်ဆန္ဒပြုပါသည်။

ဤနေရာတွင် ထပ်မံဖြည့်စွက်လိုသည်မှာ တိုင်းရင်းသားပြည်နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်ကိုယ်စားပြု စစ်ရေး၊ နိုင်ငံရေးအဖွဲ့များသည် ပြတ်ပြတ်သားသားရှိကြသည်။ NUG အစိုးရသည်လည်း စစ်ကိုင်းတိုင်း ကိုယ်စားပြုမည်လား၊ ဗမာကိုယ်စားပြုမည်လားနှင့် ဖယ်ဒရယ်အစိုးရအဖြစ်သာ ဆက်လက်ရပ်တည်သွား မည်လားဆိုတာ ပီပီပြင်ပြင် လျှောက်လှမ်းသင့်ပြီဖြစ်ကြောင်း မြေလတ်အသံက တိုက်တွန်းအပ်ပါသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။